အောက်တိုဘာ ၃၁၊ နေပြည်တော် မြန်မာနိုင်ငံရေဘေးဒဏ်ခံပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) တို့အတွက် ပြည်ပရောက် မြန်မာအသိုက် အဝန်းများ၏ လှူဒါန်းငွေများကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ UEHRD အတွက် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ မြန်မာနိုင်ငံသားများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၀၀) ကိုလည်းကောင်း၊ မြန်မာနိုင်ငံ အတွင်း ရေဘေးဒဏ်ခံပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့ရှိ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် မြန်မာအသိုက်အဝန်းများမှ လှူဒါန်းငွေ ယူရို (၇၇၇၀)၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ National Humanitarian Fundraising for Myanmar (NHFMM) က အမေရိကန်ဒေါ်လာ (၁၅၀၀၀)၊ ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်၊ တိုရမ်တိုမြို့ရှိ မြန်မာအသိုက်အဝန်းများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၈၂၆၆) ကိုလည်းကောင်း လှူဒါန်းပါကြောင်း ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လှူဒါန်းကြသော ပြည်ပရောက် မြန်မာအသိုက်အဝန်းများမှ စေတနာရှင်များ အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူမှလှူဒါန်းငွေများကို ပြည်သူ့လက်ဝယ်အရောက် တိုက်ရိုက်အကျိုးရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် UNHCR မှ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Giuseppe de Vincentiis နှင့်တွေ့ဆုံခဲ့ပြီး အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Oct2018