အောက်တိုဘာ ၂၆၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပူးပေါင်းဖော်ဆောင် ရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ လွှတ်တော်အဆောက် အဦ၌ ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ့ ၏ ဥက္ကဌ Mr. Aisawa Ichiro နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ် Mr. Kozo Yamamoto၊ မြန်မာ့အရေး စိတ်ဝင်စားသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ Japan Heart အဖွဲ့တည်ထောင်သူ Dr. Hideto Yoshioka နှင့် Japan Heart မြန်မာရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန၊ ဝန်ကြီးဟောင်းဖြစ်သူ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ အမှုဆောင်ကောင်စီ ဥက္ကဌ Mr. Katsunobuနှင့် ယင်းပါတီ ဌာနချုပ်၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေး၊ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ပညာရှင်များ လေ့ကျင့်သင်ကြားပေးရေးကိစ္စရပ်များတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မွန်းလွဲပိုင်း၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Tsukuba School for the Blind သို့ သွားရောက်၍ အမြင်အာရုံဆုံးရှုံးသူများနှင့် ချို့တဲ့သူများအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များ လေ့ကျင့်သင်ကြားပေးနေမှုများအား သွားရောက်လေ့လာခဲ့ပြီး ယင်းကျောင်းတွင် မြန်မာနိုင်ငံမှ လာရောက်ပညာသင်ကြားနေကြသော သင်တန်းသားများအား တွေ့ဆုံ၍ အားပေးစကားပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ ကျန်းမာရေးအလုပ်သမားနှင့် လူမှုဝန် ထမ်းဝန်ကြီးဌာန၊ ဝန်ကြီး Mr.Katsunobu နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများအတွက် မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေ များဖြင့် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးမှုများအား လေ့လာ၍ မြန်မာနိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Japan Air Lines (JAL)၌ မသန်စွမ်းသူ များအား အလုပ်ခန့်ထား၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေမှုများကို သွားရောက် လေ့လာခဲ့ ပါသည်။ အဆိုပါတွေ့ဆုံမှုများတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#h1
#Japan_oct2018
Source: MSWRR