အောက်တိုဘာ ၂၅၊ ဟနွိုင်း
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာလ (၂၄) ရက်နှင့် (၂၅) ရက်နေ့များ တွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ် နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Dao Ngoc Dung အား ၎င်း၏ ဝန်ကြီးရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်၊၊
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင် ရွက်ရသည့်အတွက် များစွာ ဝမ်းမြောက်ကြောင်း၊ ခေါင်းဆောင်ပိုင်းအချင်းချင်း ယခုကဲ့သို့ ရင်းနှီးစွာတွေ့ဆုံရသည့်အတွက်လည်း ဝမ်းမြောက် ပါကြောင်း၊ တတိယ အကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေးတွင် အမျိုးသမီးများစီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍတွင် ပိုမိုပါဝင်လာ နိုင်ရေးအတွက် မူဝါဒရေးရာများ ဆွေးနွေးမည်ဖြစ်ကြောင်း၊ လူမှု ကာကွယ် စောင့်ရှောက်ရေးအတွက် အဆီယံနိုင်ငံများက အကောင်အထည် ဖော်ဆောင်ရွက်နေကြပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အမျိုးသားရည်မှန်းချက် (၈)ရပ် ချမှတ်၍ ဆောင်ရွက်နေပါကြောင်း၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာ ဝန်ကြီးဌာနက အဓိကလုပ်ငန်းကြီး (၃)ရပ် ကိုဆောင်ရွက် နေပါကြောင်း၊ ဆင်းရဲနွမ်းပါး မှုလျှော့ချရေး၊ လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်လက်မဲ့လျှော့ချရေးတို့ဖြစ်ပါကြောင်း၊ ကျားမတန်းတူ ညီမျှရေးအတွက် ဆောင်ရွက်ရာမှာ အမျိုးသမီးများ နိုင်ငံရေးတွင် ၂၆% ပါဝင်ပါကြောင်း၊ စီးပွားရေးတွင် တိုးမြင့်ပါဝင်ဖို့ဆောင်ရွက်လျက် ရှိပါကြောင်း ဖြင့်ြပောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနတွင် ဦးစီးဌာန(၃)ခုရှိပါကြောင်း၊ အစိုးရသစ်လက်ထက် တွင် ဦးတည်ချက်(၃) ရပ်ဖြင့် သွားနေပါ ကြောင်း၊ မိမိဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်ဘဝမှ သက်ကြီးရွယ်အိုအထိ တာဝန်ယူဆောင်ရွက်နေရ ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်သာမက လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကိုလည်း ပြန်လည်ထူထောင်ရေးဆောင်ရွက်ရပါကြောင်း၊ လူငယ့်ရေးရာ မူဝါဒရေးဆွဲပြီး လူငယ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေပါကြောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းထားပါကြောင်း၊ မူဝါဒရေးရာအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းရှိပါကြောင်း၊ ယင်းစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် နည်းပညာလုပ်ငန်း အဖွဲ့ (၄)ဖွဲ့ ဖွဲ့စည်းအကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကြား ပေးခြင်း၊ လူမှုကာ ကွယ်စောင့်ရှောက် ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင် မည့် ကဏ္ဍများကို ဆွေးနွေး ကြရာ ကျား၊ မတန်းတူညီမျှရေးတွင် ပူးပေါင်းဆောင်ရွက်ရန်မှာ ကျေးလက်နေ ၇၀% ထဲတွင် ထိခိုက် လွယ်အုပ်စုများအတွက် ဆောင်ရွက်ပေးရေး၊ အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးတွင် ပါဝင်မှုမြင့်မားလာစေရေး၊ ကျား၊မရေးရာကို ကဏ္ဍတိုင်းတွင် ထည့်သွင်းနိုင်ရေး၊ ကျား၊မ တန်းတူ ညီမျှရေးအတွက် အာဆီယံဒေသ တွင်း ဘုံရည်မှန်းချက်များ၊ သဘောတူညီချက်များကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ တတိယ အကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ Sherton Hanoi Hotel တွင် ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဥက္ကဌဟောင်းဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ၊ အမျိုးသမီးရေး ရာဝန်ကြီး H.E. Rhodora T. Masilang Bucoy က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ လက်ရှိဥက္ကဌနေရာအား လွှဲပြောင်းရယူမည့် ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Dao Ngoc Dung က အဖွင့် အမှာစကားပြောကြားပြီး ဥက္ကဌရာထူးကို လွှဲပြောင်း လက်ခံရယူခဲ့ပါသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kung Phoak နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc နှင့်တို့က ဂုဏ်ပြုစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။
ထို့နောက် တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အမျိုးသမီး များနှင့် အမျိုးသမီးငယ်ရွယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး၊ လူမှုဖူလုံရေး ကိစ္စများကို နိုင်ငံအလိုက်ချ မှတ်ဆောင်ရွက်နေသော မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အမျိုးသမီးနှင့် အမျိုးသမီးကလေးငယ်လေးများအပေါ် အကြမ်းဖက် မှုကို အာဆီယံဒေသတွင်း လျော့နည်း ပပျောက်စေရန်၊ လုပ်ခလစာမညီမျှမှုကို လျှော့ချရန်၊ မျိုးဆက်ပွား ကျန်းမာရေးလက်လမ်းမီရရှိစေရန်၊ ကျား၊မ တန်းတူညီမျှမှု တိုးမြင့် ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ တွင် စဉ်ဆက်မပြတ် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၅)ကို ရောက်ရှိစေရန် သက်ဆိုင် ရာဝန်ကြီးများက အမြင်ချင်းဖလှယ်ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ၏ လူမှု ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ချက်များအား မြန်မာနိုင်ငံကိုယ်စား ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားများသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အတူ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#Vietnam_oct2018
Source: MSWRR