
================================================
အောက်တိုဘာ ၂၃၊ ပဲခူး———
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ (၂၃-၁၀-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းက သွားရောက်၍ အားပေးကူညီထောက်ပံ့ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကို တွေ့ဆုံ ၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဝမြို့နယ်၊ သက္ကလမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသော ထောက်ပံ့မှုပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အားပေး စကားပြောကြားရာ မိမိတို့ဝန်ကြီးဌာနတွင်ရှိသော ဦးစီးဌာနများပူးပေါင်း၍ လူမှုစီးပွားဘဝကို အဟန့်အတားဖြစ်စေမည့် လူကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့်ဖြစ်သောဘေး မည်သည့် ဘေးမျိုးကိုခံစားရသည့်ဖြစ်စေ ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှု လျော့ပါးရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးကျရောက်ပါက လိုအပ်သော ကူညီပံ့ပိုးမှုများကိုလည်း မဆိုင်းမတွ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော်နိုင်ရေး ကြိုးစား အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အစိုးရက တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဖ့ွံဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့နေရသော ဌာနဆိုင်ရာများသည် ပြည်သူ့အကျိုးဖော်ဆောင်မည့် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းစွာ တိကျစွာလိုက်နာပြီး ပြည်သူ့ဘဏ္ဍာငွေဖြင့် ပံ့ပိုးကူညီမှုများကို ပြည်သူ့လက်ဝယ် အရောက် ရရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဘေးအန္တရာယ်ဒဏ် ခံစားရမှုများသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသဖြင့် ဘေးအန္တရာယ် လျော့ပါရေး ဆောင်ရွက်မှုများတွင်လည်း ပူးပေါင်း ပါဝင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဘေးသင့်ပြည်သူများအတွက် အားပေး စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကဝမြို့နယ်အတွင်းရှိ ဘေးသင့်အိမ်ထောင်စု (၁၅၈၆)စုအတွက် ဆန်ရိက္ခာဖိုးငွေ ကျပ်(၃,၄၈၁,၈၀၀) နှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၇၂,၅၇၀,၀၀၀)၊ သနပ်ပင်မြို့နယ်အတွင်းရှိ ဘေးသင့်အိမ်ထောင်စု(၂၇၄)စုအတွက် ဆန်ရိက္ခာဖိုး ငွေ ကျပ် (၁၆၅,၉၀၀) နှင့် အိမ်ဆောက်ပစ္စည်ဖိုး ငွေကျပ် ( ၉,၆၉၀,၀၀၀) တို့အား အသီးသီး ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် သက္ကလကျေးရွာအတွင်း (၃)မွှာပူး ကလေးမွေးဖွားသည့်မိသားစု (၁)စုကို လူမှုကာကွယ်စောင့်ရှောက်မှုအဖြစ် ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးခဲ့ပြီး ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက္ကလစံပြကျေးရွာသို့သွားရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းများဖြစ်ပွားခဲ့သော မိသားစုဝင် များသို့သွားရောက်ကာ အားပေးစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်တွင်စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၆,၄၀၇,၇၀၀) ဖြစ်ကြောင်း သတင်းရရှိပါသည်။