၁။ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၌ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်၍ ကပ္ပလီပင်လယ်ပြင်သို့ ရွေ့လျားရာတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အား ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထူးခြားမိုးလေဝသအခြေအနေ သတင်းထုတ်ပြန်ချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာရုံးများသို့ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် အသိပေးမှုများဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ ကြိုတင်ခန့်မှန်းချက်အတိုင်း မြန်မာနိုင်ငံကုန်းတွင်းပိုင်းအား ဖြတ်ကျော်၍ ကပ္ပလီပင်လယ်ပြင်သို့ ရွှေ့လျားခဲ့ရာတွင် ဒေသအလိုက်မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ အောက်ပါအတိုင်းထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထောက်ပံ့ပေးခဲ့ပါသည်-
(က) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် (၂၀-၁၀-၂၀၁၈)နေ့၌ နေအိမ်(၅၀)ကျော် ထိခိုက်ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ ကျပ်သန်း(၄.၇၆)ကို (၂၂-၁၀-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါသည်။
(ခ ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် (၂၁-၁၀-၂၀၁၈)နေ့၌ နေအိမ်(၆၀)ခန့် ထိခိုက်ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ်သန်း(၄.၅၄)အား (၂၂.၁၀.၂၀၁၈)နေ့တွင် ထောက်ပံ့ပေးခဲ့ပါသည်။
(ဂ) အလားတူပင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် (၂၁.၁၀.၂၀၁၈)နေ့၌ နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း ကနဦးသတင်းရရှိမှုအရ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ထောက်ပံ့မှုများ အမြန်ဆောင်ရွက် နိုင်ရန် စီစဉ်လျက်ရှိပါ သည်။
၂။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးနှောင်းကာလတွင် ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းဘေး အန္တရာယ်၊လေပြင်းဘေးအန္တရာယ်များကို အထူးသတိပြုနေထိုင်ကြပါရန်နှင့် နေအိမ်အဆောက်အဦ များနှင့်စပ်လျဉ်း၍ အောက်ပါအကြုံပြုချက်များအား အလေးထားလိုက်နာ ဆောင်ရွက်နိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်-
နေအိမ်အဆောက်အဦများနှင့်စပ်လျဉ်း၍ပြင်ဆင်ရန်အကြံပြုချက်များ
– မိမိတို့နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးပါ။
– အိမ်အမိုးများကို ခိုင်ခံ့အောင်ပြန်လည်စစ်ဆေးပြင်ဆင်ပါ၊ ခေါင်ချုပ်ကန့်လန့်ဖြတ်တန်း များ၊ ရေပြင်ညီချုပ်တန်းများထည့်ပါ။ သွပ်အမိုးဖြစ်ပါက အစွန်ကျသောနေရာများတွင် သွပ်သံစိပ်စိပ်ရိုက်ပါ။ ဓနိ/သက်ကယ်အမိုးဖြစ်ပါက ဝါးရာဇမတ်ကွက် ကြက်နင်းဖြင့် ခိုင်ခံ့စွာ အုပ်ပါ။ သွပ်နန်းကြိုးဖြင့် ခိုင်မြဲစွာချည်နှောင်ပါ။
– လေဒဏ်ခံနိုင်စေရေးအတွက် ကန့်လန့်ဖြတ်ဘေးထောက်တန်းများ၊ နံရံထောက်တန်း များ၊ ဒေါက်တိုင်များကို လိုအပ်သည့်နေရာများတွင် ကျားကန်တပ်ဆင်ပါ။
– မြေဝင်အိမ်တိုင်များအား ချောင်၍လှုပ်နေခြင်းရှိ/မရှိစစ်ဆေးပြီး လိုအပ်လျှင် တိုင်ဖိနပ် ပတ်လည်တွင် မြေဖို့၍ သိပ်သည်းကျစ်လစ်အောင် မြေကြပ်ပေးပါ။
– အိမ်၏ အတွဲအဆက်ပြုထားသည့်နေရာအားလုံးကို ချောင်ထွက်မနေအောင် လိုအပ်သလို ဆောင်ရွက်ပါ။
– အိမ်အကာအရံများ၊ တံခါးများ၊ ပြူတင်းပေါက်များအား ပိုမိုခိုင်ခံ့စေရန်သွပ်နန်းကြိုး များအသုံးပြု၍ချည်နှောင်ခြင်း၊ လိုအပ်သောနေရာတွင် သံများထပ်မံထပ်ပိုးရိုက်ခြင်း ဆောင်ရွက်ပါ။ ချို့ယွင်းနေသော အစိတ်အပိုင်းများကို ပြုပြင်အစားထိုးပါ။
– အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။