သဘာဝဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန်နိုင်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်မှုသတင်း

အောက်တိုဘာ ၁၇၊ နေပြည်တော်
သဘာဝဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန်နိုင်ရေးအတွက် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် ရာတွင် အထောက်အကူပြုအကျိုးရှိစေမည့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အစိုးရသစ် လက်ထက်တွင် စီမံခန့်ခွဲမှုပုံစံအသစ်များကိုဖော်ဆောင်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံး ရှုံးမှုများကို လျှော့ချနိုင်စေရေးအတွက်ရည်ရွယ်၍ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသောလူ့အသိုက်အဝန်း ဖြစ်ပေါ်လာရေးကိုဝန်ကြီးဌာနမူဝါဒနှင့်အညီဖော်ဆောင်လျက်ရှိပါကြောင်း၊ ဘေးဒဏ် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်အတွက် ပြည်သူအားလုံးတွင် အသိ၊ သတိရှိဖို့လိုအပ်ပါကြောင်း၊ အသိပညာများကို သတိဖြင့်လိုက်ပါ လုပ်ဆောင်မှသာဆုံးရှုံးမှုများ လျော့နည်းသက်သာစေမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးများကမမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်ပေါ် လာနိုင်ပြီး မထင်မှတ်သောဆုံးရှုံးမှုကြီးများကြုံတွေ့ရနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှု အားကောင်းရန်လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုအားကောင်းမှသာ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်အကျိုးရှိစွာ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊
နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် ဆုံးရှုံးမှုများစွာကြုံတွေ့ရပါကြောင်း၊ မွန်ပြည်နယ်တွင် အချိန်တိုအတွင်း မိုးရေ ချိန်များစွာရွာသွန်းခဲ့သောကြောင့် ဆိုးရွားသောမြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရန်ကုန်မြို့ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှာ ပြည်သူများကို အထိတ်တလန့်ဖြစ်စေပြီး စီမံခန့်ခွဲမှုစိန်ခေါ်မှုများရှိခဲ့ကြောင်း၊ ငလျင်ဘေးအန္တရာယ်၏ခြိမ်းခြောက်မှုများကို ကြုံတွေ့ရပါကြောင်း၊ ထောက်ပံ့ပစ္စည်းများစနစ်တကျ သိုလှောင်ထားရှိနိုင်ရန်နှင့် အလျင်အမြန် မှန်မှန်ကန်ကန် ပြည်သူ့ လက်ဝယ်အရောက် ပို့ဆောင်နိုင်ရေး၊ ဘက်စုံသုံးခေတ္တခိုလှုံရာအဆောက်အဦများတည်ဆောက်ထားရှိရေး၊ ရှာဖွေကယ်ဆယ် ပစ္စည်းများအသင့်ထားရှိ၍ စနစ်တကျ သုံးစွဲတတ်ရေးစသည်တို့ကိုအလေးထားဆောင်ရွက်ထားရှိရန်ဖြစ်ကြောင်း၊ ဇာတ်တိုက် လေ့ကျင့်မှုများများဆောင်ရွက်ထားခြင်းဖြင့် ကောင်းမွန်မြန်ဆန်ထိရောက်စွာဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ယခု သင်တန်းကိုဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် သင်တန်းမှ ရရှိသောအသိပညာများ ကို လုပ်ငန်းခွင်မှာ တက်တက်ကြွကြွ အသုံးချဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ Country Director က ယခုလို ပူးပေါင်းပါဝင်ဆောင်ရွက် ခွင့်ရရှိသောကြောင့်ကျေးဇူးတင်ပါကြောင်း၊ ရန်ကုန်နှင့်မန္တလေးတို့တွင်လည်း အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး လက်တွေ့ သင်တန်းကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသူ/သင်တန်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ (၁၇) ရက်မှ (၂၁) ရက်အထိ (၄) ရက်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_Oct2018

Sign Up

Upcoming Events