လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ ဒေါ်ြမတ်မြတ်အုန်းခင်သည် ဇူလိုင် (၁၃)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ရောက်ရှိပြီး တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဥ်များနှင့် အဆင့်လိုက်တာ၀န်သိမှု၊ တာ၀န်ယူမှု၊ တာ၀န်ခံမှုများနှင့် ပေါင်းစပ်ညှိနှိုင်း မှုဆိုင်ရာ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားပြီး အရောင်းခန်းမကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။
ဇူလိုင်လ (၁၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှု၀န်ထမ်းအတတ်သင်သိပ္ပံ ကျောင်း၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ စေတနာ့၀န်ထမ်း အဖွဲ့ အစည်းများအား (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပါသည်။ အစီအစဥ်အရ ပြည်ထောင်စု၀န်ကြီးနှင့် တိုင်းဒေသကြီးလူမှုရေး၀န်ကြီး တို့မှ ခရမ်းမြို့နယ်အတွင်းရှိ ခရမ်းဘိုးဘွားရိပ်သာအတွက် (၂၂.၅၈)သိန်းနှင့် တိုင်းရင်းသားလူမျိုးစု လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၃၃.၆၀)သိန်း၊ တွံတေးမြို့နယ်အတွင်းရှိ မိဘဂုဏ် ဘိုးဘွား ရိပ်သာအတွက် (၂၁၂.၁၂)သိန်း၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောက်တန်းဘိုးဘွားရိပ်သာအတွက် (၉.၆)သိန်းနှင့် ကမာဆွဲလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅၁.၀၅)သိန်း၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ဒေးဒနောဘိုးဘွားရိပ်သာအတွက် (၃.၆)သိန်းနှင့် အောင်သုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် (၂၈.၂၀)သိန်း၊ ကော့မှူးမြို့နယ်အတွင်းရှိ အောင်ဇဗ္ဗူလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် (၁၀၅.၅၄)သိန်း၊ သန်လျင်မြို့နယ်အတွင်းရှိ လုမ္ဗနီဘိုးဘွားရိပ်သာအတွက် (၁၂.၆၀) သိန်း၊ ဆုတောင်းပြည့်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၀၀.၅၀)သိန်း၊ မေတ္တာရောင်ခြည် လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာအတွက် (၂၄.၉၀)သိန်း၊ သဒ္ဗမ္မဇောတိကကာရုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၉)သိန်းနှင့် ဗလအားမာန်ငါးတန် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၂၁)သိန်း၊ တောင်ပိုင်းခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၈)ကျောင်းအတွက် (၄၈)သိန်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၇၀၂.၇၃)သိန်းအား တာ၀န်ရှိသူများထံ ပေးအပ်ထောက်ပံံ့ ခဲ့ပါသည်။ ထို့နောက် ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ လူမှုစောင့်ရှောက်ရေး စေတနာ့၀န်ထမ်းလူငယ်များနှင့် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ်များအတွက် နည်းပြသင်တန်း (၈/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်ထောင်စု၀န်ကြီးက အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံတော်ကြီး အမြန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆင်းရဲ/ချမ်းသာမရွေး၊ ပညာတတ်/မတတ်မရွေး၊ လူတန်းစားမရွေးဘဲ လူငယ်လူရွယ်များရဲ့လုပ်ဆောင်ချက် အခန်းကဏ္ဍများ ဟာ အင်မတန်မှ အရေးကြီးလှပါကြောင်း၊ ပညာရေး၀န်ကြီးဌာနမှ ဘက်စုံလူရည်ချွန်စီမံကိန်း၊ ကင်းထောက်လူငယ် စီမံကိန်း၊ ထူးချွန်ကြက်ခြေနီစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက် နေသလို လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနကလည်း လူငယ်၊ လူရွယ်များအားလုံး ပါ၀င်ဆောင်ရွက်ခွင့် ရရှိအောင် ရပ်ကွက်ကျေးရွာ အခြေပြုနည်းလမ်းနဲ့ လူမှုစောင့်ရှောက်ရေး စေတနာ့၀န်ထမ်းလူငယ်များနှင့် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်း လူငယ်များစီမံကိန်းတို့ကို ယခုလို ဆောင်ရွက်ရခြင်းဘဲဖြစ်ပါကြောင်း၊ ပြောင်းလဲလာတဲ့ ခေတ်သစ်၊ စနစ်သစ်နင့်အညီ တတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave)လုပ်ငန်းစဥ်များအတိုင်း ဝိုင်း၀န်းကူညီဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာ စကားပြောကြားပါသည်။ အစီအစဥ်အရ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီးဒေါက်တာမြင့်သိန်းက အမှာစကားပြောကြားပါသည်။ ထို့နောက် လူမှု၀န်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေး စေတနာ့၀န်ထမ်း လူငယ်များ စီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး၊ ဦးကြည်သာက သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ်များ စီမံကိန်းအကြောင်း ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ ရပ်ကွက် (၄၂)ခုနှင့် ကျေးရွာ (၇)ရွာမှ လူမှုစောင့်ရှောက်ရေး စေတနာ့ ၀န်ထမ်း လူငယ် (၅၀)ဦးတို့ကို နည်းပြသင်တန်း ပို့ချနေမှုနှင့် ရပ်ကွက် (၄၀)နှင့် ကျေးရွာ (၉)ရွာမှ သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်း လူငယ် (၅၀)ဦးတို့ကို နည်းပြသင်တန်း ဖွင့်လှစ်နေမှု တို့အား ကြည့်ရှု၍ လူငယ်မောင်မယ်များကို အားပေးစကားပြောကြားပါသည်။
လူမှုစောင့်ရှောက်ရေးစေတနာ့၀န်ထမ်း လူငယ်များနှင့် သဘာ၀ဘေးလျော့ပါးရေး စေတနာ့ ၀န်ထမ်းလူငယ်များအတွက် နည်းပြသင်တန်းအမှတ်စဥ် (၁/၂၀၁၄)မှ (၇/၂၀၁၄)ထိကိုတော့ ဧရာ၀တီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ခရိုင်များအားလုံးနှင့် တောင်ငူခရိုင်၊ ပဲခူးခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ ကျေးရွာစုစုပေါင်း (၂၅၀)ကျော်ရွာမှ လူငယ်မောင်မယ် စုစုပေါင်း (၇၅၀)ဦးကျော်ခန့်ကို နည်းပြသင်တန်းများပို့ချခဲ့ပြီး ဆင့်ပွားသင်တန်းများ လည်းပို့ချနေပြီး ဖြစ်ပါတယ်။ ကျန်ရှိတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာလည်းလူမှုစောင့်ရှောက်ရေး နှင့် ဆင့်ပွားသင်တန်းများကိုဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်းသိရှိရပါတယ်။