ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဒိန်းမတ်သံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံ

အောက်တိုဘာ၊ ၁၂ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့ကယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာနမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့တစ်ရပ်လုံးကအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လူမှုစီပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသည့် ရည်မှန်းချက်ပန်းတိုင်(၃)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ဆောင်ရွက်နေမှုများ၊ IDPစခန်းများပိတ်သိမ်းမှုများနှင့် ဆက်လက်ပိတ်သိမ်းရန် ဆောင်ရွက်နေမှုအခြေအနေများ၊ စခန်းပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေးမဟာဗျူဟာရေးဆွဲနေမှုအခြေအနေ၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင်သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့နေရပ်စွန့်ခွာထွက်ပြေးနေသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံစာချုပ်ချုပ်ဆို၍ဆောင်ရွက်နေမှုများနှင့် မြန်မာဘက်မှပြန်လည်လက်ခံရန်အဆောက်အဦ၊ အစီအမံများအသင့်ဖြစ်နေမှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာဘက်ခြမ်းသို့လည်း နိုင်ငံတကာမှ အကူအညီအထောက်အပံ့များပေးအပ်နိုင်ရေးကိစ္စရပ်များ၊ UNDP-UNHCRတို့နှင့် မြန်မာနိုင်ငံအစိုးရတို့အကြားနားလည်မှုစာချွန်လွှာရေးထိုး၍ဆောင်ရွက်နေမှုအခြေအနေများ၊UNDP နှင့် UNHCRတို့ကရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကနဦးလေ့လာဆန်းစစ်မှု (Phase 1) ဆောင်ရွက်ခဲ့ပြီးနောက်တွေ့ရှိချက်များ၊ လူ့အသိုင်းအဝိုင်းနှစ်ခုကြားလူမှုသဟာဇာတမျှတရေး၊ခွဲခြားဆက်ဆံမှုများ၊လူမှုရေးတားမြစ်ချက်များပပျောက်ရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးဆောင်ရွက်နေမှုများ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ ပြန်လည်ဝင်ရောက်လာသူများအားနေရာချထားပေးရာတွင် ၎င်းတို့၏မူလနေရာ (သို့မဟုတ်) အနီးစပ်ဆုံးနေရာတွင် ပြန်လည်နေရာချထားသတ်မှတ်ပေးနိုင်ရေး၊ လုံခြုံစိတ်ချစွာ၎င်းတို့ဆန္ဒအလျောက် လူသားဂုဏ်သိက္ခာနှင့်အညီ ပြန်လည်ဝင်ရောက်လာရေးစီစဉ်ဆောင်ရွက်နေမှုများနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာလ၊ ပထမပတ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏(၆၉)ကြိမ်မြောက် အမှုဆောင်ကော်မတီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးပါဝင်တက်ရောက်၍ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံ၏ စိတ်ရင်းစေတနာမှန်ကန်စွာကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိစေရန်ရှင်းလင်းတင်ပြခဲ့မှု အခြေအနေများကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြခဲ့ပါသည်။
ယမန်နေ့ကလည်းမြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်နိုင်ငံသံအမတ်ကြီး H. E Mr. John Nielsen နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များ၊ ရခိုင်ပြည်နယ်အတွင်းလူမှုစီးပွားဘဝတိုးတက်ရေး၊ လူမှုသဟဇာတမျှတဖြစ်ထွန်းရေး၊ လူ့အသိုင်းအဝန်း(၂)ခုအကြားသင့်မြတ်မှုရရှိရေးဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ နောက်ဆုံးတိုးတက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)မှ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နေရပ်စွန့်ခွာထွက်ပြေးသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံစာချုပ်ချုပ်ဆို၍ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေးစခန်းများတည်ဆောက်ပြီးစီးနေပြီး၂၀၁၈ခုနှစ်၊ ဇန်နဝါရီလပိုင်းမှစ၍ ပြန်လည်လက်ခံရေးအသင့်ဖြစ်နေမှုများ၊ UNDP-UNHCRတို့နှင့် MoUရေးထိုး၍ ဆောင်ရွက်ရန်စီစဉ်နေမှုများ၊ Joint Working Groupအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာမြို့တွင်ကျင်းပမည့် တတိယအကြိမ်ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ပါဝင်တက်ရောက်ရန်စီစဉ်ဆောင်ရွက်နေမှုများအားရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events