ကျေးရွာလူထုများအထိ သဘာ၀ဘေးအန္တရာယ်ကြိုတင်သတိပေးစနစ်အကောင်အထည်ဖော်မှု နှစ်ပတ်လည်အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင်လ (၈)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ ဂရန်းအမရဟိုတယ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်အဖွင့်အမှာစကား ပြောကြားရာ တွင် (၂၀၁၃)ခုနှစ်အတွင်းမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းပြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေး စနစ်အဆင့်မြှင့်တင်နိုင်ရေးနဲ့ ပြည်သူလူထုစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ကျေးရွာလူထုများ အထိ (End to End) ကြိုတင်သတိပေးစနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ ကနဦးစတင်ဆောင်ရွက်လျက်ရှိပြီး ရရှိလာတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို အခြေခံပြီး အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ တိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ၀န်ကြီးဌာနအနေနဲ့ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာမှာလိုအပ်သော အရင်းအမြစ်များရရှိရေး၊ အတွေ့အကြုံဖလှယ်ရေး၊ ခေတ်မီနည်းပညာ များရယူဆောင်ရွက်နိုင်ရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ လူမှုရေး အဖွဲ့အစည်းများပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံကြား သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးနှင့် သဘာ၀ဘေးအန္တရာယ်များမှကြံ့ကြံ့ခံနိုင်ရေး အစီအစဥ်များတွင် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားပါသည်။ အစီအစဥ်အရ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ တာ၀န်ရှိသူတစ်ဦးမှ အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် အဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ ပြင်သစ်နိုင်ငံ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အမျိုးသမီးဖိုရမ်၏အမှုဆောင် အရာရှိချုပ် Mrs.Jacqueline Franjou နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr.Thierry MATHOU တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ၀န်ကြီးဌာနမှဆောင်ရွက်နေ သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစဥ် (၂၀၁၃-၂၀၂၂)အား လက်တွေ့အကောင်အထည် ဖော် ရေးလုပ်ငန်းများ၊ အမျိုးသမီးများအား အကြမ်း ဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေရေးဆွဲမှုအခြေအနေ၊ ရန်ကုန်မြို့တွင် အောင်မြင်စွာ ဖွင့်လှစ် လျက်ရှိသော သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ လုပ်ငန်းများ၊ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ် (၂၀၁၄)၊ Women Forum (၂၀၁၄)အား ယခုနှစ်၊ ဒီဇင်ဘာလ၌ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အဖွဲ့အစည်း နှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း သိရှိရပါတယ်။