၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပပြုလုပ်မှုသတင်း

နေပြည်တော်၊ စက်တင်ဘာ ၂၈
၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည်။ ဂုဏ်ပြုအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ ထူးချွန်ဘိုးဘွားများနှင့် ဂုဏ်ပြုခံဘိုးဘွားများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် လူဦးရေအချိုးအစားပြောင်းလဲလာမှုကို ကြုံတွေ့နေကြရပါကြောင်း၊ သက်ကြီးရွယ်အိုဦးရေအချိုးအစားသည် ယခင် ကာလများထက် ပိုမိုများပြားလာသည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းအထိတိုးတက်ပြောင်းလဲလာပါကြောင်း၊ ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ စိန်ခေါ်မှုများပါ တစ်ပါတည်းပါလာပါကြောင်း၊ စိန်ခေါ်မှုများကိုအခွင့်အလမ်းများအဖြစ် မည်သို့ပြောင်းလဲကြရမည်ဆိုသည့် အချက် သည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်သည်ကိုနားလည်ပါကြောင်း။ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းသည် ရှေးအစဉ်အလာအဆက်ဆက်ကတည်းက သက်ကြီးရွယ်အိုများကို လေးစား တန်ဖိုးထားတတ်ကြပြီးသားသမီး၊ မြေးမြစ်များကအတူနေထိုင် ပြုစုစောင့်ရှောက်တတ်ကြသည်ကို အစဉ်အလာအားဖြင့် မှတ်ယူခဲ့ကြပါကြောင်း၊ သို့သော် ပြောင်းလဲလာသည့် လူမှု၊ စီးပွားအခြေအနေများနှင့်အတူဘိုးဘွား၊ မိဘ၊ သားသမီး မြေးမြစ်များ အတူနေပြီးတစ်ဦးနှင့်တစ်ဦး အပြန်အလှန်စောင့်ရှောက်ကြသည့် ဓလေ့သည်လည်းလျော့ပါးလာပြီဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အစဉ်အလာအားဖြင့် သိထားသောသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနည်းလမ်းသည် သက်ကြီးရွယ်အိုအားလုံးကိုလွှမ်းခြုံနိုင်သည့် နည်းလမ်းတစ်ခုမဟုတ်တော့ပါကြောင်း၊ အစဉ်အလာအားဖြင့် မိသားစု က ပြုစုစောင့်ရှောက်ခြင်းနည်းလမ်းအပြင် အခြားသောရပ်ရွာအခြေပြု သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်း၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ခြင်းနှင့် အခြားသော ပြုစုစောင့်ရှောက်သည့်နည်းလမ်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံရှိသက်ကြီးရွယ်အိုများသည် သက်ကြီးရွယ်အိုဘဝဝင်ငွေမလုံခြုံမှု၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဆိုင်ရာပြဿနာနှင့် လူမှုရေးအထီးကျန်မှုဆိုင်ရာ ပြဿနာများကိုရင်ဆိုင်နေကြရသည့်အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ သက်ကြီးရွယ်အိုဘဝဝင်ငွေလုံခြုံရေးကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး သက်ကြီးရွယ်အိုများအတွက် ငွေကြေးအထောက်အပံ့ပေးသည့် အစီအစဉ်ဖြစ်သည့် လူမှုရေးပင်စင်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ကစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်ဆောင်ရွက်ခဲ့စဉ်က အကျိုးခံစားခွင့်အတွက် အကျုံးဝင်မှုအသက်ကို ၉၀ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများဟုသတ်မှတ်ခဲ့သော်လည်းလာမည့်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး အသက် ၈၅ နှစ်အထိ အကျုံးဝင်အသက်ကိုလျော့၍ သတ်မှတ်သွားမည်ဖြစ်ပါကြောင်း၊ မူလအစီအစဉ်တွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသူသက်ကြီးရွယ်အိုဦးရေသည် (၄၃၄၃၉) ဦးရှိရာမှ (၁၄၀,၀၀၀) ဦးအထိပိုမိုပါဝင် လာမည်ဖြစ်ပါကြောင်း။ သက်ကြီးရွယ်အိုများအတွက်ကျန်းမာရေးပြုစုစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေပါ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများနှင့်အညီ အကောင် အထည်ဖော်ဆောင်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးပမ်းဆောင်ရွက်ပေးသွားကြရ မည်ဖြစ် ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် သာမန်နှင့်သမားရိုးကျ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများသာမဟုတ်ပဲကာလကြာရှည် ပြုစုစောင့်ရှောက်ခြင်း (Long-term Care)နှင့် ကာလကြာရှည် ပြုစုစောင့်ရှောက်ခံရခြင်းမျိုးမလိုအပ်သေးသည့်သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ပေးသည့် ဝန်ဆောင် မှုများ (Prevention from Long-term Care) တို့ကိုလည်းထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား၏ ဆောင်ပုဒ်သည် “သက်ကြီးအခွင့် အရေးဖော်ဆောင်ဖို့ ကြိုးပမ်းသူကိုဂုဏ်ပြုစို့”ဟုဖြစ်သည်။ ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကပေးပို့သော သဝဏ်လွှာကိုUNDP ဌာနကိုယ်စားလှယ် UN Resident and Humanitaran Coordinator, Mr.KnutOstbyဖက်ကြားသည်။ ယင်းနောက် ကဏ္ဍအလိုက် ထူးချွန်ဘိုးဘွားများနှင့် ဂုဏ်ပြုခံဘိုးဘွားများထံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် Help Age International (Myanmar) မှ Country Dierctor Mr. God Fred Paul တို့ကဆေးဝါးပစ္စည်းများနှင့် အလှူငွေများကိုလည်း ကောင်းပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များကအလှူငွေများပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ထို့နောက် သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများက’လူမှုဝန်ထမ်းတာဝန်ကျေစေမည်’ ဘိုးဘွားဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက် ဗီဒီယို မှတ်တမ်းကိုပြသပြီး ဘိုးဘွားများကိုယ်စားသက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ အဘွားတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည် တော်များသည် အဆိုပါခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလှုပ်ရှားမှု ဓာတ်ပုံပြခန်းများကိုလှည့်လည်ကြည့်ရှုကြသည်။ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဂုဏ်ပြုခံထူးချွန် ဘိုးဘွားတစ်ဦးလျှင် အလှူငွေ တစ်သိန်းကျပ်နှင့် ဂါရဝပြုလက်ဆောင်များ၊ ဂုဏ်ပြုခံဘိုးဘွားတစ်ဦးလျှင် အလှူငွေ ငါးသောင်းကျပ်နှင့် ဂါရဝပြုလက်ဆောင်များပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018

Sign Up

Upcoming Events