အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၉) ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်မှု သတင်း

28 Pic 03 28 Pic 04 28 Pic 05 28 Pic 06
မန္တလေး၊ စက်တင်ဘာ ၂၈
အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဒေသသည် သဘာဝဘေး အန္တရာယ်မျိုးစုံကိုကြုံတွေ့ခံစားနေရပြီး တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအန္တရာယ်များကြောင့် လူသေဆုံးမှု၏ (၅၀%) ကို အာဆီယံဒေသတွင်း၌ တွေ့ကြုံနေရပါကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသတွင်းစီးပွားရေးဆုံးရှုံးမှုမှာနှစ်စဉ် အမေရိကန်ဒေါ်လာ (၄.၄) ဘီလီယံခန့်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နိုင်ငံ၏ စီးပွားရေးနှင့်နှိုင်းယှဉ်ပါက ဘေးအန္တရာယ်များ၏ ထိခိုက်ဆုံးရှုံးမှုမှာများပြားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့တွင် အခြားသောအဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းပါဝင်မှုဖြင့် အာဆီယံဒေသတွင်း ပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့် လမ်းညွှန်ချက်များ၊ Tools များဖော်ထုတ်ခြင်း၊ ပြန်လည်ထူထောင်ရေးကဏ္ဍအတွက် လိုအပ်သည့်စွမ်းဆောင် ရည်များမြှင်တင်ပေးခြင်း၊ ဒေသတွင်းနိုင်ငံများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာအတွေ့အကြုံများနှင့် သင်ခန်းစာများကို ဖလှယ်ရယူခြင်း၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာပံ့ပိုးမှုများဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါ ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်များသည် ပုံစံအမျိုးမျိုးနှင့် တစ်ချိန်တည်းတွင် ဖြစ်ပွားလျက် ရှိပါကြောင်း၊ မိုးများခြင်းကြောင့် ရေလွှမ်းမိုးမှုအပြင် အခြားနောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် မြေပြိုခြင်း၊ ရေကာတာများကျိုးပျက်ခြင်း၊ လျှပ်တပျက်ရေကြီးခြင်းအစရှိသည်တို့ကိုပါ ဖြစ်ပွားစေနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရာသီဥတုပြောင်းလဲမှုကို ယခုနှစ်အတွင်း ပိုမိုသိသာစွာခံစားရပါကြောင်း၊ တိုင်းဒေသကြီး(၂)ခုနှင့်ပြည်နယ်(၂)ခု တွင်ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ အဆိုပါပြည်နယ်တိုင်းဒေသကြီး(၄)ခုအနက် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့သည် ယခင်ကဘေးအန္တရာယ်ဖြစ်ပွားမှု နည်းပါးခဲ့ရပါကြောင်း၊ ယခုနှစ်ကြုံတွေ့ ရသည့်ရေကြီးရေလျှံမှုဖြစ်စဉ်များသည် အဆိုပါဒေသများအတွက် ရာသီဥတုပြောင်းလဲမှု၏ သတိပေးမှုပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘေးသင့်ဒေသများအတွက်လိုအပ်သည့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်လုပ်ဆောင်ပေးနေသကဲ့သို့ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးအတွက်လည်း အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေးကို ရှေ့ရှုလုပ်ဆောင်ရမည့်ဖြစ်သည့်အတွက် ဆောက်လုပ်မှု စံချိန်စံနှုန်းများ၊ အရည်အသွေးပြည့်ဝသည့် ဆောက်လုပ်ရေးပစ္စည်းများနှင့် နည်းပညာများသည်လွန်စွာ အရေးကြီးပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်နိုင်ငံအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများသာမကဒေသတွင်း ပြန်လည်ထူထောင်ရေး အတွက်ဆောင်ရွက်ရန်ရှိသည့် ကတိကဝတ်များကိုလည်းအောင်မြင်စွာအကောင်အထည်ဖော်ရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် လုပ်ငန်းအဖွဲ့အစည်းအဝေးကို ပူးတွဲဥက္ကဌများဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်နှင့် အင်ဒိုနီးရှားနိုင်ငံဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန ကိုယ်စားလှယ်တို့မှဦးဆောင်၍ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက်မည့်ဦးစားပေး လုပ်ငန်းများကိုအတည်ပြုခဲ့ပါသည်။
အဆိုပါလုပ်ငန်းအဖွဲ့တွင် ပူးတွဲဥက္ကဌများဖြစ်သည့် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့အပြင် ဘရူနိုင်းဒါရူဆလင်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပါဝင်ပြီး အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre၊ UNDP နှင့် ADB တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#mdy_Sep2018

Sign Up

Upcoming Events