ငလျင်လှုပ်ခတ်မှုသတင်းနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ ဆောင်ရွက်ချက်

၁။        ၂၀၁၆ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် ည(၈)နာရီ၊ (၂၅)မိနစ်၊ (၁၈)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၁၂)မိုင်ခန့်ကွာ‌ဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက်(၄၂)မိုင်ခန့်အကွာကိုဗဟိုပြု၍ ငလျင်ပြင်းအား ရစ်ချ်တာစကေး(၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

၂။        ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးကိုယ်တိုင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူးရုံးများနှင့် ဆက်သွယ်၍ သတင်းရယူဆောင်ရွက်ခဲ့ပါသည်။ ငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့် အဆောက်အဦများ ပြင်းပြင်းထန်ထန် ပြိုကျပျက်စီးခြင်းမရှိခဲ့ကြောင်း သိရှိရပါသည်။ ဘုရားစေတီ အချို့ ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းရစ်များ အက်ကွဲခြင်း၊ အဆောက်အဦအချို့ အနည်းငယ်ပျက်စီးခြင်းတို့ ဖြစ်ခဲ့ပါသည်။

၃။        ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးများနှင့် ဆက်သွယ်သတင်းရယူမှုအရ ကနီမြို့နယ် မိခင်ကလေးအဆောက်အဦ မျက်နှာကျက်ပြုတ်ကျပျက်စီးခြင်း၊ ပက်ကြား၀ရွာနှင့် တောင်ပျောက်ရွာကြား ဆက်သွယ်သော(၁၁)ကေဗွီဓါတ်ကြိုး မီးလောင်ပျက်စီးခြင်း၊ ၀ယားကျေးရွာ သိမ်၊ ဘုရားထီးတော်ယိုင်ခြင်း၊ ရွှေနန်းဦးနှင့်ဖောင်တော်ဦးဘုရား စိန်ဖူးတော်မြေခခြင်း၊ ချောင်းမ ကျေးရွာအရှေ့၊ ဆုတောင်းပြည့်ဘုရား သပိတ်မှောက် အက်ကြောင်းဖြစ်ခဲ့ခြင်း၊ ထီးတော်ယိုင်ခြင်း၊ အုတ်တွင်းကျေးရွာတွင် အုတ်တိုက်ကျောင်းဘုရားမြေခခြင်း၊ စဉ့်အိုးကျေးရွာအုပ်စု၊ လက်ပန်စု ကျေးရွာရှိ ရွှေဘိုဘုရား သပိတ်မှောက်အက်ကွဲခြင်း၊ ခိုတွင်းကျေးရွာ ဘုန်းကြီးကျောင်း၏ဘုရားဆောင် အက်ကွဲခြင်း၊ ကနီပျဉ်ထောင်အုပ်စု၊ ညောင်တူများကျေးရွာ၊ ကိုးန၀င်းကပ်ကျော်စေတီ သပိတ်မှောက် အက်ကွဲခြင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပျဉ်အုပ်စု၊ ၀ါးတန်းကျေးရွာ သတ္တဗောဓိကျောင်းတိုက် အတွင်းရှိ အောင်သိဒ္ဓိစေတီ စိန်ဖူးတော်မြေခခြင်း၊ ရွာရှင်ကျေးရွာအုပ်စု၊ ၀က်မှေးကန် တောရွာ (၂)ထပ်ဘုန်းကြီးကျောင်း အက်ကြောင်း(၄)ခုဖြစ်ခြင်း၊ ယင်းမာပင်မြို့နယ်၊ မြရိပ်ကျေးရွာ၊ တောင်ပေါ် ကျောင်းရှိ ရှစ်မျက်နှာဘုရားထီးတော်မြေခခြင်း၊ ဦးဘိုးသံစေတီတော် ထီးတော် စောင်း/ကွဲအက်ခြင်း၊ မယ်ပေါင်းစေတီ ထီးတော်စောင်း/ကွဲအက်ခြင်း၊ ဦးတေဇစေတီ ထီးတော် စောင်း/ကွဲအက်၊ ဦးဘိုးလှိုင်စေတီ ထီးတော်စောင်း/ကွဲအက်ခြင်း၊ မုံရွာမြို့၊ အလုံမြို့နယ်၊ ရွှေပြည်အေးရပ်ကွက်၊ အထက(၂)ကျောင်း အုတ်တံတိုင်း(၁၈)ခန်းပြိုကျခြင်း၊ ချောင်းဦးမြို့နယ်၊ တောကြီးကျောင်းကျေးရွာ၊ ရွှေဂူကြီးဘုရားအရန်စေတီ စိန်ဖူးတော်မြေခခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းရရှိခဲ့ပါသည်။

၄။        ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီလွီချောင်းဖျားရှိ မြေပြိုဆည် ထိခိုက်မှုမရှိကြောင်း၊ ရာဇဂြိုလ်ဆည်ထိခိုက်မှုမရှိကြောင်းလည်းသိရှိရပါသည်။ မြေပြိုဆည်နှင့်ပတ်သက်၍ ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း အသေးစိတ်အခြေအနေကို သွားရောက်ကြည့်ရှုစောင့်ကြည့် လျက်ရှိကြောင်းသိရှိရပါသည်။

၅။        ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ငလျင်သတင်းရလျင် ရချင်း တွင် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအင်အားစုများ ဖြစ်သော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ သဘာ၀ဘေး လျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ်အဖွဲ့များနှင့် ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်း များအတွက် ကြိုတင်စုဖွဲ့ထားရှိခြင်း၊ ၀န်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပြည်တွင်းပညာရှင်အဖွဲ့များဖြစ်သော မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီကဲ့ သို့သောအဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများဖြစ်သော USGS, TMD အဖွဲအစည်းများမှလည်း သတင်းများ အဆက်မပြတ်ချိတ်ဆက်ရယူခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ငလျင်ကြီး ဖြစ်ပွားပြီးချိန်တွင် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင် သည့်အတွက်လည်း ဖြစ်ပွားနိုင်မှု အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး လိုအပ်သည်များလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိပါသည်။ ပြည်သူလူထုအနေဖြင့် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက် နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင် များကိုလည်း Social Media မှတဆင့် အသိပညာပေးဆောင်ရွက်ထားရှိပါသည်။ ပြည်သူလူထုအနေ ဖြင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန ၏ Facebook Account ဖြစ်သော Relief and Resettlement Department-Myanmar တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။ ယခုငလျင်ဘေးအန္တရာယ်သည် ငလျင် ဗဟိုချက်၏ အောက်အနက်သည် ကီလို(၁၃၀)ခန့်တွင်ဖြစ်ပွားခဲ့သည့်အတွက် အင်အားပြင်းထန်သော်လည်း ထိခိုက်ပျက်စီးမှု နည်းပါးခဲ့ခြင်းဖြစ်ပါသည်။

Sign Up

Upcoming Events