စက်တင်ဘာ ၂၄၊ တာချီလိတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာချီလိတ်မြို့၊ ဘဒ္ဒန္ဓဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး) အား ဖူးမျှော်ကြည်ညိုခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း အသစ်တည်ဆောက်ဖွင့်လှစ်မည့် လုပ်ငန်းများစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ၊ ဘဒ္ဒန္ဓဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး)အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး သင်္ကန်း၊ နဝကမ္မအလှူငွေ ဆပ်ကပ်လှူဒါန်း ခြင်းနှင့် တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ပန်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်မည့်နေရာသို့ရောက်ရှိပြီး ဌာနမှတာဝန်ရှိသူများက သဘာဝဘေးကြောင့် ကျောင်းဝန်းနံရံ ရေတိုက်စားပျက်စီး ခဲ့၍ နှစ်စဉ် ကျောင်းဝန်းအတွင်း ရေကြီးနစ်မြုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် Master Plan ကို စနစ်တကျရေးဆွဲ၍ အမြန်ဆုံးတင်ပြရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးဌာန၏ မူဝါဒများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး၊ ဌာနမှ ဝန်ထမ်းများအား တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြခြင်းအတွက် ဂုဏ်ပြုမှာတမ်းလွှာ များပေး အပ်ခဲ့ပါသည်။ ဆက်လက်၍ မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားပြီး အာဟာရမုန့်များ ပေးဝေခဲ့ပါသည်။ ထို့နောက် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း တည်ဆောင်ဖွင့်လှစ်နိုင်မည့် မြေနေရာအနေအထားများ ကြည့်ရှုခြင်းနှင့် မူးယစ်ပြန်လည် ထူထောင်ရေးသင်တန်းများ ထိထိရောက်ရောက် အကျိုး ရှိစွာ ဖွင့်လှစ်သင်ကြားပေးနိုင်မည့်လုပ်ငန်းစဉ်များကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အဆင့် တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ် နယ်စပ်ဂိတ်သို့ရောက်ရှိပြီး မဲဆိုင်ချောင်းရေတိုက်စားမှုကြောင့် ရွှေနန်းတော်ကုန်တိုက်အနီး မြေထိန်းနံရံပြိုကျပျက်စီးခဲ့သည့် အခြေအနေကို ကြည့်ရှု၍ ပြန်လည်တည်ဆောက်ရန်အတွက် စီမံချက်ရေးဆွဲပြီး အမြန်ဆုံးတင်ပြပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး တာချီလိတ်မြို့ တာလော့ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းသို့သွားရောက်ကာ ကလေးငယ်များအား တွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး၊ တာလော့ဈေးသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#shn_Sep2018