မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ-
မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ ပူရီ(Puri)မြို့၏ အရှေ့တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၇.၄) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင်နှုန်းဖြစ်ပါသည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်မြောက် ဘက်သို့ ရွေ့လျားလျက်ရှိပြီးနောက်(၁၂)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။