မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ-
(က) ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော မြန်မာ့ကမ်းရိုး တန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။
(ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ရောက်ရှိနိုင်ပါသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် /မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉) ပေမှ (၁၂) ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။