လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၁၁.၄.၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး နှစ်သစ်ကူးကုသိုလ်အဖြစ် ဘိုးဘွား(၃၅)ဦးတို့အားအဝတ်အထည် အသုံးအဆောင်နှင့် ငွေများလှူဒါန်းပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ထို့နောက် အယ်လ်နီညိုကြောင့် သောက်သုံးရေအထူးလိုအပ်လျက်ရှိသည့် ကျောက်တံခါးမြို့နယ်ရှိကျေးရွာများသို့ သွားရောက်လေ့လာပြီးဆားပြင်ကျေးရွာတွင် စက်ရေတွင်းတစ်ခုတူးဖော်ခြင်း၊ ငွေကျပ်(၂၂)သိန်းတန်ဖိုးရှိရေသန့်စင်စက်(၁)လုံးအား ထောက်ပံ့ပေးအပ်ခြင်း၊ ရေသန့်စင်စက်အား လက်တွေ့သရုပ်ပြခြင်းစသည့်အစီအစဉ်ကိုဝန်ကြီးဌာန၏ တာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရေကိုချွေတာသုံးစွဲရေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဘိုကုန်းကျေးရွာသို့ သွားရောက်ကာအလှူရှင်များမှ လှူဒါန်းထားရှိသည့် စက်ရေတွင်းနှင့် အုတ်ရေကန်တို့အားကြည့်ရှုပါသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ကျောက်တံခါးမြို့ပေါ်၌ မြို့နယ်အတွင်းရှိရပ်ကွက်ကျေးရွာများမှ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပြီးကျောက်တံခါးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာအပြန်အလှန်စောင့်ကြည့်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ညောင်လေးပင်မြို့နှင့်ပြွန်တန်ဆာမြို့များသို့ သွားရောက်၍ ညောင်လေးပင်ဘိုးဘွားရိပ်သာရှိဘိုးဘွား(၂၇)ဦးတို့အားလည်းကောင်း၊ ပြွန်တန်ဆာဘိုးဘွားရိပ်သာရှိဘိုးဘွား(၁၈)ဦးတို့အားလည်းကောင်းနှစ်သစ်ကူးကုသိုလ်အဖြစ် အဝတ်အထည်အသုံးအဆောင်နှင့် ငွေများလှူဒါန်းပေးအပ်ခဲ့ပြီးဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာဘိုးဘွားများ၏ စိတ်ပိုင်းဆိုင်ရာကျေနပ်ပျော်ရွှင်မှုရရှိအောင် ဆောင်ရွက် ပေးနိုင်ရေးကိစ္စရပ်များအားဆွေးနွေးပြောကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။