ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့်ပူးပေါင်း၍ နေပြည်တော် ကလေးပြုစုရေးဌာနဆောက်လုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

စက်တင်ဘာလ၊ ၁၇ရက်၊ နေပြည်တော်
ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဦးဆောင်မတည်၍ မွေးစမှ (၆) လ အရွယ်ထိ ရင်ခွင်မဲ့ကလေးငယ်များအတွက် နေပြည်တော်တွင် လူဦးရေ (၁၀၀) ဆံ့ ကလေးပြုစုရေးဌာန (၁) ခု ဆောက်လုပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ကအဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မွေးကင်းစအရွယ်မှ သက်ကြီး ရွယ်အိုအထိ ကလေးသူငယ်၊အမျိုးသမီးများ၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိရာ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအနေဖြင့် ထဲထဲ ဝင်ဝင်ပါဝင်ကူူညီဆောင်ရွက်ခဲ့သည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ လူမှုဝန်ထမ်း ကလေးပြုစုရေးဌာနများ အမှန်တကယ်လိုအပ်နေပါကြောင်း၊ ပရဟိတများတွင်စောင့်ရှောက်ထားသော်လည်း စနစ်တကျဖြစ်ရန်အားနည်းချက် များရှိသည်ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စံပြအနေဖြင့် ဖောင်ဒေးရှင်းချပေးရန်လိုအပ်ပါကြောင်း၊ ပြုစုစောင့်ရှောက်မှု၊ ကာကွယ်စောင့်ရှောက်မှုအပိုင်းများတွင် မူလတန်းကြိုကျောင်းများကဲ့သို့ စံပြအဖြစ်ဆောင်ရွက် ပေးရန်လိုအပ်မှာဖြစ်ပါကြောင်း၊ (One Stop) အနေဖြင့် အမျိုးသမီးများအား နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် ကူညီ ထောက်ပံ့မှု လုပ်ငန်းများကို ပြည်သူလူထုအတွင်းဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ကောင်းစွာသိရှိ နေပြီဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ပြုစုရေးဌာနဖွင့်လှစ်ရန် ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ဝမ်းမြောက် မိပါကြောင်းနှင့် အဆောက်အဦဆောက်လုပ်မည့်အပိုင်းနှင့်ပတ်သက်၍ ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ကလေးပြုစုရေးဌာန အဆောက်အဦဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကိုရင်ခွင်မဲ့ ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဥက္ကဌ ဒေါ်မေယဉ်ထွန်းကလည်းကောင်း၊ အဆောက်အဦနှင့် ပတ်ဝန်းကျင်သည် ကလေးငယ်များအတွက် အဆင်ပြေချောမွေ့စေရေး၊ နိုင်ငံတကာစံနှုန်း များနှင့်ကိုက်ညီမှုရှိစေရေးနှင့် ရေရှည်အတွက်ပါ ကြိုတင်ပြင်ဆင်၍ ဆောက်လုပ်သွားနိုင်ရန် အချက်အလက်များနှင့် အဆောက်အဦဆောက်လုပ်ရေးနှင့်ပတ်သက်၍ ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းလျာထားမှု များကိုအထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာကလည်းကောင်း၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဌာနဆိုင် ရာများမှ တာဝန်ရှိသူများကအသီးသီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
#hl2
#npw_Sep2018

Sign Up

Upcoming Events