==============================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်သည် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နှင့်အတူ ကိုရီးယားနိုင်ငံ၊ အင်ချုံမြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့ မှ (၁၄) ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် အာရှဒေသတွင်းရှိမြို့တော်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိစေရေးအတွက် နိုင်ငံအလိုက် အတွေ့အကြုံဖလှယ် ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် နိုင်ငံတော်အဆင့် မူဝါဒနှင့် လုပ်ငန်းစဉ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ၂၀၁၈ ခုနှစ်အတွင်း ရေဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်ခဲ့မှုများ၊ အထူးသဖြင့် မွန်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် ထိခိုက် ဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ မော်လမြိုင်မြို့၏ ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်မှု မြင့်မားစေရေးအတွက် ရေတို/ရေရှည်ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ အဆိုပါဒေသ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ဆန်ဒိုင်းမူဘောင်နှင့်အညီ ဆန်းစစ်ဖော်ထုတ်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက်များနှင့် အရေးပေါ်တုံ့ပြန်ရေး စီမံချက်များရေးဆွဲဆောင်ရွက်ရေး၊ ဒေသခံအစိုးရအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ခရီးစဉ်အတွင်း၌ ဒုတိယဝန်ကြီးနှင့်အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများ သည် အင်ချုံမြို့ ဘေးအန္တရာယ်နှင့်လုံခြုံမှုဆိုင်ရာ ထိန်းချုပ်မှု ကွပ်ကဲရေး ဗဟိုဌာနသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများ လေ့လာခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အာရှဒေသတွင်းရှိ မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၊ မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့၊ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ နှင့် အင်ဒိုနီးရှားနိုင်ငံ၊ စီလာကပ်မြို့တို့ရှိ ဒေသန္တရအစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံ(၅)နိုင်ငံ၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဆန်ဒိုင်းမူဘောင်ကို ဒေသန္တရအဆင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အနေအထားများကို ဆန်းစစ်လေ့လာနိုင်ရေးနှင့် မြို့တော်များ၏ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေးအတွက် လုပ်ငန်း စီမံချက်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံအသီးသီး၏အတွေ့အကြုံများအား ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။