ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UNHCR အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီးဦးဆောင်သောအဖွဲ့ တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ ၁၂.၉.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vincentiis နှင့် မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့တို့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ ယနေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ UNHCR မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vincentiis နှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အဖွဲ့အား အောက်တိုဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်မည့် Sixty-Ninth Session of the Executive Committee of the High Commissioner’s Program သို့ ပါဝင်တက်ရောက်ရေးနှင့် UNHCR နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့အကြား ရေးထိုးမည့် နားလည်မှုစာချွန်လွှာ (MoU) နှင့်ပတ်သက်သည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် မကြာမီလာရောက်မည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့်ကိစ္စ၊ ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေး (DFID) မှ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေ သည့် ကိစ္စရပ်များ၊နေပြည်တော်တွင်မသန်စွမ်းမှုဖိုရမ် ကျင်းပရေးစီစဉ်ဆောင်ရွက်နေမှုများ၊ ဆက်လက်၍ ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ ကယ်ဆယ်ရေး စခန်းများပိတ်သိမ်းရေးစီစဉ်ဆောင်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ တွင် ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းမှ ကူညီပံ့ပိုးပေးနိုင်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018

Sign Up

Upcoming Events