စက်တင်ဘာ၊ ၁၀၊ နေပြည်တော်
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက အစိုးရအသစ်စတင်တာဝန်ယူဆောင်ရွက်စဉ်အချိန်ကစပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးရှိဖို့ လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးခြင်းဆိုသည်မှာ ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ပေးခြင်း ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ငြိမ် အေးချမ်းရေးအတွက် လူ့အသိုင်းအဝိုင်းများအကြားလူမှုသဟဇာတဖြစ်ရေးသည် လွန်စွာမှ အရေးကြီးပါကြောင်း၊ အချင်းချင်းယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ စိတ်ရှည်သည်းခံမှုများဖြင့် လူမှုသဟဇာတဖြစ်ရေးကို အကောင် အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိအကြပ်အတည်းများ၊ ကန့်သတ်ချုပ်ချယ်မှုများ၊ ခွဲခြားဆက်ဆံ မှုများ၊ တရားမျှတခြင်းမရှိမှုများသည် ပဋိပက္ခများကိုဖြစ်ပေါ်စေနိုင်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိစေရန် ရေရှည် ပဋိပက္ခကင်းဝေးရေးသည် အရေးကြီးပါကြောင်း၊ ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် အစိုးရအနေနဲ့ နည်းမျိုး စုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေလိုအပ်ပါကြောင်း၊ ပြည်သူများပါဝင်နိုင်ရန် ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူနှင့် အနီးစပ် ဆုံးဖြစ်၍ ပြည်သူ့ကိုယ်စားလှယ်များပါဝင်ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိဌာန ဆိုင်ရာဝန်ထမ်းများက လည်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူ့နှင့် တိုက်ရိုက်ထိတွေ့ပြီးပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ ဌာနဆိုင်ရာများပါဝင်ဆွေးနွေးရန် လိုအပ်ခြင်းဖြစ်ကြောင်း၊
ရခိုင်ပြည်နယ်ရှိဒေသခံတိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြ သော ပြည်သူများအားလုံနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသော လူမှုအဖွဲ့အစည်းများ၏ ပါဝင်ဆွေးနွေးမှု သည်လည်းအရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအောင်မြင်ရန် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲများကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွေးနွေး ပွဲ များ ကို (၄) လတစ်ကြိမ်ဆောင်ရွက်လျက်ရှိရာ ယခင်ဆွေးနွေးပွဲရလာဒ်များ အကောင်အထည်ဖော်နိုင်မှု အခြေအနေ များပြန်လည်သုံးသပ်ပြီးဆက်လက်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးကြပါရန်ပြောကြားခဲ့ပါသည်။ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်ထဲရေ:ဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန များကရခိုင်ပြည်နယ်အတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းများကိုရှင်းလင်း တင်ပြခဲ့ကြရာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ် များ၊ ရခိုင်ပြည်နယ်ရှိ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက အကြံပြုဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အတွင်းရှိလူ့အဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။
#hl1
#npw_Sep2018