မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း

၁။        မိုးကြိုးဘေးအန္တရာယ်သည် မိုးကြိုကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတု ရုတ်ခြည်း ဖောက်ပြန်ပြောင်းလဲသောအချိန်ကာလမျိုး၌ ဖြစ်ပွားတတ်ပြီး မိုးကြိုကာလ (ဧပြီ၊ မေ) နှင့် မိုးနှောင်းကာလ (အောက်တိုဘာ၊ နိုဝင်ဘာ) လတို့တွင် အဖြစ်များလေ့ရှိပါသည်။

၂။         ထိုကာလများ၌ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏ ဖြစ်ပွားနေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိကြောင်း သတိပြုနေထိုင်ရမည်ဖြစ်ပါသည်။ လေ့လာတွေ့ရှိ မှုများအရ တစ်နေ့တာအတွင်း မိုးကြိုးပစ်ခြင်း အဖြစ်အများဆုံးအချိန်မှာ မွန်းတည့် (၁၂) နာရီမှ ညနေ (၆) နာရီအတွင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၃။        မိုးကြိုးပစ်ခြင်းဖြစ်စဉ်များကို လေ့လာကြည့်သောအခါ ကျေးရွာဒေသများတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများ၊ အဆောက်အဦ၏ပြင်ပတွင်ရှိနေသူများ အများဆုံး မိုးကြိုးပစ်ခံရလေ့ရှိပြီး သစ်ပင်ကြီး များအောက်တွင်ရှိနေသူများ၊ အိမ်တွင်းနေထိုင်သူများလည်း မိုးကြိုးပစ်ခံရလေ့ရှိကြောင်း တွေ့ရှိရပါသည်။ မြင့်မားသောအဆောက်အအုံများ၊ သစ်ပင်ကြီးများ၊ ချွန်ထက်နေသော ထိုးထိုးထောင်ထောင် ရှိနေသည့် အဆောက်အအုံစသည်တို့သည် မိုးဥတုအခါများနှင့် မိုးသက်မုန်တိုင်းကျရောက်သောအခါများ၌ မိုးကြိုပစ် ခံရရန်အခွင့်အလမ်းပို၍များပါသည်။ ယင်းတို့နှင့်နီးကပ်စွာရှိနေသော လူ၊ တိရိစ္ဆာန်များ၊ ဝတ္ထုပစ္စည်းများ သည်လည်း မိုးကြိုးစက်ကွင်းအတွင်း ကျရောက်နေ၍ အန္တရာယ်ကြီးမားလှပါသည်။

၄။        မြန်မာနိုင်ငံတွင် မိုးကြိုးဘေးဖြစ်ပွားမှုများကိုလေ့လာကြည့်သောအခါတွင် ၂၀၁၀ ခုနှစ်ခန့်မှ စ၍ မိုးကြိုးပစ်မှုများ ပိုမိုများပြားလာပြီး ပဲခူးတိုင်းဒေသကြီး၌ မိုးကြိုးပစ်မှုအများဆုံးဖြစ်ပွားသည်ကို တွေ့ရှိရပါ သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း မိုးကြိုးပစ်ခြင်းကြောင့် လူ (၁၅၀) ဦး ကျော်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

၅။        သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့် ယခုကဲ့သို့သောမိုးကြိုကာလများတွင် မိမိတို့ပတ်ဝန်းကျင်၌ မိုးရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ဖြစ်ပေါ်နေချိန်တွင် တတ်နိုင်သမျှ အဆောက်အဦအတွင်း ၌သာ နေထိုင်သင့်ကြောင်းနှင့် မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်သော အောက်ပါအချက်များကို အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က)     အိမ်အပြင်တွင်ရောက်ရှိနေပါက-

(၁)       အိမ်ထဲသို့ချက်ချင်းပြေးဝင်ပါ။ သံ/သတ္ထု ပစ္စည်းများကို လက်တွင်ကိုင်မထားပါနှင့်၊

သံ/သတ္တူပစ္စည်းများသည် လျှပ်စစ်အလွယ်တကူစီးနိုင်သောကြောင့် မိုးကြိုး အလွယ်တကူပစ်နိုင်ပါသည်။

(၂)       သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေပါနှင့်၊

(၃)       ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင် စသည့်နေရာများတွင် ရှိနေခဲ့လျှင်

ရေထဲမှချက်ချင်းတက်ပြီး လုံခြုံသည့်နေရာအမိုးအကာရှာ၍နေပါ။

(၄)       အိမ်အပြင်ဘက်တွင်လူစုလူဝေးနှင့်ဖြစ်နေပါကသီးခြားစီဖြန့်ခွဲနေပါ။

(၅)       ကွင်းပြင်တွင်ထီးထီးကြီးမနေပါနှင့်။ မလွဲသာမရှောင်သာဘဲ ကွင်းပြင်နှင့် လွင်တီး ခေါင်အလယ်တွင်ရောက်နေပါက လျှပ်စီးလက်၍ မိုးထစ်ချုန်းသံများကြားလျှင် နီးစပ်ရာ နိမ့်သောနေရာများနှင့် ချိုင့်ဝှမ်းများအတွင်း၌ဝပ်နေပါ၊ ကွင်းပြင်နှင့် လယ်ကွင်းများတွင် ဆောင့်ကြောင့်ထိုင်၊ ဒူးနှစ်ဖက်ပေါ် လက်တင်၍ခေါင်းငုံထားပါ၊

(၆)       သင့်ဆံပင်များထောင်နေသည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာဖြစ်သည်။ ထိုသို့ဖြစ်ပွားပါက ဒူးထောက်ချလိုက်ပြီး သင့်လက်နှစ်ဖက်ကို ဒူးပေါ်သို့ယှက်တင်၍ ခန္ဓာကိုယ်ကိုကွေးညွှတ်ထားပါ၊ မြေပြင်ပေါ်တွင် ပြားပြားဝပ် မှောက်မနေပါနှင့်။ ထိုသို့မှောက်နေပါက သင့်ခန္ဓာကိုယ်သည် ပိုကြီးမားသော မိုးကြိုးပစ်မှတ်ဖြစ်သွားနိုင်ပါသည်။

(၇)       လှေသမားများ၊ ရေကူးသမားများအနေဖြင့် ဖြစ်နိုင်သမျှကမ်းသို့ကပ်ပါ။

( ခ)      အိမ်အတွင်းတွင်ရှိနေပါက-

(၁)       အဆောက်အဦများ၏ အလယ်တွင်သာနေပါ။ ရေပိုက်များနှင့်ရေဆေးခွက်များ အနီးတွင်မနေပါနှင့်။ (မိုးကြိုးလျှပ်စီးမှတစ်ဆင့်ဓါတ်လိုက်တတ်သည်။)

(၂)       ပြတင်းပေါက်များနှင့်ဝေးကွာသော နေရာတွင်နေပါ။

(၃)       လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းနေစဉ် လျှပ်စစ်သုံးပစ္စည်းများ၊ လျှပ်စစ်စီးလွယ် သည့် တီဗွီများ၊ ဖုန်းများကိုအသုံးပြုမနေသင့်ပေ။ တယ်လီဖုန်းဆက်သွယ်ပါက တယ်လီဖုန်းလိုင်းမှတစ်ဆင့် မိုးကြိုးထိမှန်နိုင်သဖြင့် ဖုန်းများမသုံးပါနှင့်။

(၄)       တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့် လျှပ်စစ် နှင့်ဆိုင်သောပစ္စည်းများကိုခလုတ်ပိတ်၍ပလပ်ဖြုတ်ထားပါ။

(၅)       လျှပ်စီးလက်သောအခါ သင့်အိမ်အတွင်း သံ/သတ္ထုနှင့်ဆက်စပ်သော ပစ္စည်းများ အတွင်းသို့ လျှပ်စစ်စီးဝင်နေနိုင်၍ရေမချိုးပါနှင့်။ မည်သည့်သံ/သတ္ထု ပစ္စည်းကိုမှ မကိုင်ပါနှင့်။ လျှပ်စစ်စီးကူးလွယ်သည့်ပစ္စည်းများနှင့်ဝေးရာတွင်နေထိုင်သင့်ပါသည်။

(၆)       အဆောက်အအုံများတွင် မိုးကြိုးလွှဲများကြိုတင်တပ်ဆင်ထားပါ။

(၇)       မိုးကြိုးအပစ်ရပ်ပြီး နာရီဝက်ကျော်ကြာမှ အိမ်ပြင်သို့ထွက်ပါ။

( ဂ)      ကားမောင်းနေပါက-

(၁)       အရှိန်ကိုလျှော့ပါ။ လမ်းဘေးသို့ချရပ်ပါ။ ကားထဲတွင်သာဆက်နေပါ။

(၂)       ကားရပ်ထားစဉ် အရေးပေါ် အချက်ပြမီးကိုဖွင့်ထားပါ။

(၃)       သစ်ပင်ကဲ့သို့ရှည်လျားမြင့်မားသည့်အရာများနှင့်ဝေးရာတွင်နေပါ။ ၎င်းအရာ များသည် လေပြင်းဒဏ်ကြောင့်သော်လည်းကောင်း၊ မိုးကြိုးပစ်သည့်ဒဏ် ကြောင့် သော်လည်းကောင်း လဲကျနိုင်၍ဖြစ်သည်။

(၄)       ကားထဲတွင်မည်သည့်သံ/သတ္ထုပစ္စည်းကိုမှ မကိုင်ပါနှင့်။

(၅)       ရေလွှမ်းနေသော လမ်းပေါ်တွင် ကားမမောင်းပါနှင့်။

၆။        မိုးကြိုးပစ်သည့်အခါ မိုးကြိုးဖြစ်ပေါ်ရာနေရာတွင် အလင်းရောင်နှင့်အသံတို့သည် တစ်ပြိုင်နက် တည်းဖြစ်ပေါ်လာသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာမှ ထွက်ပေါ်လာသော အလင်းရောင်နှင့်အသံတို့သည် အတော်အတန်ဝေးကွာသောနေရာများသို့ ပျံ့နှံရောက်ရှိချိန်တွင် အမြန်နှုန်းမတူခြင်းကြောင့် မိုးကြိုးဖြစ်ပေါ် ရာနေရာမှ အလွန်ဝေးကွာသောနေရာများတွင်ရှိသူတို့သည် အလင်းရောင်ကိုဦးစွာမြင်ကြရပြီး အသံကို နောက်ကျမှကြားကြရသည်။ နီးသောနေရာတွင်ရှိသူတို့သည် အလင်းနှင့်အသံကို မရှေ:မနှောင်း ကြားရ သည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာတွင်ရှိနေသောသူတို့သည် လျှပ်စီးလက်ခြင်းကိုပင် မြင်ခွင့်မရလိုက်တော့ပဲ၊ မိုးကြိုးထိမှန်ခံရခြင်းနှင့် မိုးကြိုးစက်ကွင်းမိခြင်းများခံရတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလင်း၏မြန်နှုန်း သည် အသံ၏မြန်နှုန်းထက် အဆများစွာပို၍မြန်သောကြောင့်ဖြစ်ပါသည်။ ပြည်သူလူထုများအနေဖြင့် မိုးကြိုးပစ်ခြင်း၏သဘောသဘာဝများနှင့် ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများကို လေ့လာမှတ်သား ထားကြပါရန်နှင့် ကိုယ်တိုင်လိုက်နာဆောင်ရွက်ခြင်း၊ မိမိပတ်ဝန်းကျင်တွင်လည်း အသိပညာမျှ‌ဝေခြင်းများ ဖြင့် မိုးကြိုးဘေးအန္တရာယ်ကင်း‌ဝေးရေး ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

သို့ဖြစ်ပါ၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အောက်ပါလက်ကမ်းစာစောင်များတွင် လေ့လာဖတ်ရှု့နိုင်ပါသည်။

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန

12976928_766139496854407_2152587251157254824_o 12932664_766139503521073_3522375553280564510_n 12473933_766139486854408_5296647268171154719_o

Sign Up

Upcoming Events