မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် ပိုမို အားကောင်းလာကာ၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဒီဂါ(Digha)မြို့၏ အရှေ့- အရှေ့မြောက်ဘက် မိုင်(၃၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အာကောင်းသောမုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါအားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၉) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၃၂)မိုင်နှုန်း ဖြစ်ပါသည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ယနေ့ညပိုင်းတွင် အနောက်ဘင်္ဂလား ကမ်းခြေကို အိန္ဒိယနိုင်ငံ၊ ဒီဂါ(Digha)မြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင် ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။