မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဒီဂါ (Digha)မြို့၏ အရှေ့- အရှေ့မြောက်ဘက် (၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။
(ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၃၀)နှုန်း ဖြစ်ပါသည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားလျက် ရှိပြီး ယနေ့ညပိုင်းတွင် အနောက်ဘင်္ဂလားကမ်းခြေကို အိန္ဒိယနိုင်ငံ၊ ဒီဂါ(Digha)မြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင် ပါသည်။
အကြံပြုချက်
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။