=================================================
စက်တင်ဘာ ၂၊ ပြွန်တန်ဆာ——————–
ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာဒေသရှိ ရဲနွယ်ချောင်းရေလျှံတက်ခြင်း၊ ချောင်းရေတိုက်စားခြင်းတို့ကြောင့် ချောင်းကမ်းဘေးတစ်လျောက်ရှိ ကျေးရွာများဖြစ်သော ဂျို့ပင်ရွာ၊ ဇီးဖြူဘုရားရွာ၊ ဆင်ကူးရွာ၊ ကဒါးရွာရှိ ကုန်ထုတ် လူကူးသစ်သားတံတားများ မျောပါပျက်စီးခဲ့ရာ ဒေသခံ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲကြုံတွေ့ရပြီး ချောင်းတစ်လျောက်ရှိ ကျေးရွာအချင်းချင်း ကူးသန်းသွားလာခြင်း၊ ကုန်စည်ရောင်းဝယ်ခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများတွင် ပုံမှန်ဆက်သွယ်ကူးသန်းသွားလာနိုင်ရန် ကျေးရွာချင်းဆက်တံတားများ အမြန်လိုအပ်လျက်ရှိသောကြောင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် (၂-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ ရောက်ရှိခဲ့ကြပါသည်။
ရဲနွယ်ချောင်းရေလျှံမှုကြောင့် ဂျို့ပင်ရွာသို့ ရေများစီးဝင်သဖြင့် သဲအိတ်များ ကာရံ တားဆီး ထားမှုအခြေအနေ၊ ဇီးဖြူဘုရားတောင်ဘက်ရွာနှင့်မြောက်ဘက်ရွာ ဆက်သွယ်ထားသော တံတား ပျက်စီးမှုအခြေအနေ၊ ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျပြီး ကျေးရွာအတွင်းသို့ ရေများ ဝင်ရောက်မှုမရှိစေရန်အတွက် ရွာသူ၊ ရွာသားများစုပေါင်းလုပ်အားဖြင့် ရေထိန်းတာ တည်ဆောက်နေမှု အခြေအနေ၊ ဆင်ကူးကျေးရွာနှင့် မိကျောင်းကူးကျေးရွာတို့ ဆက်သွယ်ထား သော သစ်သားတံတားပျက်စီးပြီး ယခုအခါ ဇက်လှေဖြင့် ကူးသန်းသွားလာနေမှုအခြေအနေ၊ သဲကျောကျေးရွာနှင့် ဝက်လူးအိုင်ကျေးရွာ ဆက်သွယ်ထားသော တံတားမျောပါပျက်စီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဂျို့ပင်ကျေးရွာတွင် ရေထိန်းတာသဲအိတ်ဖိုးငွေ ထောက်ပံ့ပေးခြင်း၊ ဇီးဖြူဘုရားကျေးရွာ တောင်နှင့်မြောက် ဆက်သွယ်ထားသော ရဲနွယ်ချောင်းကူးတံတား အမြန်ပြန်လည်ပြုပြင်ရန် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀)နှင့် ကျောင်းသားလူငယ်များအတွက် အသက်ကယ်အင်္ကျီ (၂၀) ထည်တို့ကိုလည်းကောင်း၊ ဆင်ကူးကျေးရွာနှင့် မိကျောင်းကူးကျေးရွာ ဇက်လှေနှင့်စက်တပ်ဆင်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၅) သိန်းနှင့် အသက်ကယ်အင်္ကျီ(၂၀)ထည်တို့ကိုလည်းကောင်း၊ သဲကျော ကျေးရွာနှင့် ဝက်လူးအိုင်ကျေးရွာရှိ ပြည်သူများ လက်တလော စက်လှေ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ် (၇)သိန်း(၅)သောင်း တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။
ထို့နောက် ချောင်းရင်းနှင့်ကညင်နှစ်ပင်ကျေးရွာတို့ ဆက်သွယ်ကူးသန်းသွား လာလျက်ရှိသည့် ချောင်းရင်း ရဲနွယ်ချောင်းကူးသစ်သားတံတား ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်နေမှုအခြေအနေအား ကြည့်ရှုခဲ့ပါသည်။ အဆိုပါတံတားသည် ရဲနွယ်ချောင်းရိုးတစ်လျောက်ရှိ ကျေးရွာ(၂၈)ရွာရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတက်ရေးအတွက် အဓိက အရေးပါသော တံတားဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ရေရှည်ခိုင်ခံ့သော ကွန်ကရစ် တံတားအဖြစ် လိုလားလျက်ရှိကြောင်းသိရှိရပါသည်။
ခရီးစဉ်အတွင်း နယ်မြေခံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများကို အသက်ကယ်အင်္ကျီများထောက်ပံ့ခြင်း၊ ကျေးရွာများရှိ ဘုန်းတော်ကြီးများအား သင်္ကန်းနှင့် အလှူငွေများ ဆပ်ကပ်ခြင်း၊ ပြွန်တန်ဆာ ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအား ထောက်ပံ့ငွေများ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိပါသည်။