ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)သို့ International Language & Business Center (ILBC)Co. Ltdနှင့်Care Well Medical Co. ltdတို့ ပူးပေါင်းပြီး ရူပါသိဒ္ဓိလျှပ်စစ်ကား ထုတ်လုပ်ရေးစက်ရုံတွင် ထုတ်လုပ်ထားသည့် Mobile Medical Clinic ရွေ့လျားဆေးကုသခန်း လှူဒါန်းခြင်း အခမ်းအနားကိုယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန်(၁)ရူပါသိဒ္ဓိ လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံဝင်း အတွင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြား ရာတွင် UEHRD သည် ရည်ရွယ်ချက် (၃)ခုကို အကောင်အထည်ဖော်မည့် ပြည်ထောင်စုစီမံကိန်းဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုများလည်းပါဝင်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုသည် လိုအပ်သည့် စားနပ်ရိက္ခာ ဝေပေးရုံဖြည့်ဆည်းပေးရုံ သာမကပညာရေး၊ ကျန်းမာရေးကဏ္ဍအဓိကပါဝင်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကျန်းမာရေးနှင့် ပတ်သက်၍ အားလုံးကိုလွှမ်းခြုံနိုင်ရန် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် Mobile Medical Clinic များလိုအပ်လာပြီး လိုအပ်ချက်များကို ပြည်သူလူထုကလည်း သတိထားမိလာပါကြောင်း၊ လိုအပ်နေသည့် Mobile Medical Clinicနှင့် ပတ်သက်ပြီး ပြည်သူက ပြည်သူကိုပြန်ပြီးမျှဝေပေးသည့် စနစ်ပုံစံအတိုင်း နိုင်ငံသူနိုင်ငံသားများပါဝင်ပြီး ဆောင်ရွက်ပေးနေကြကြောင်း Mobile Medical Clinic အနေဖြင့် အသုံးဝင်သည့် ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်တွင် မနေသော်လည်း ရခိုင်ပြည်သူ ပြည်သားများအတွက် အကျိုးရှိစေမည့် လုပ်ငန်းများကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီရန် UEHRD ကိုတည်ထောင်ထားခြင်း ဖြစ်သည့် အတွက် UEHRD ၏ ရည်ရွယ်ချက်များလည်း အောင်မြင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတွင်းမှာရှိသည့် နိုင်ငံသူ နိုင်ငံသားများသာမက ပြည်ပရောက်နေသည့် နိုင်ငံသူနိုင်ငံသားများ၏ ပါဝင်ပံ့ပိုးမှုသည် UEHRD ကိုအထောက် အပံ့ပြုနေပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ရခိုင်ပြည်နယ်တွင် လွန်စွာ အေးချမ်းသာယာသည့် ငပလီရှိသကဲ့သို့ လွန်စွာ မြတ်နိုးစရာကောင်းသည့် မြောက်ဦးမြို့လည်းရှိပါကြောင်း။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ၊ အခက်အခဲများဖြစ်နေသည်ကို မကြည့်ဘဲ ရခိုင်ပြည်နယ်မှာရှိသည့် အခွင့်အလမ်းများနှင့် အလား အလာကောင်းများကို ကြည့်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှုတွင်ပါဝင်စေလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သားငါးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများရှိပါကြောင်း၊ UEHRD ကိုအကောင်အထည် ဖော်ရာ တွင် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာမှု အခြအနေများ သာမက အရေးကြီးဆုံးဖြစ်သည့် ဖွံ့ဖြိုးမှုအတွက် စီးပွားရေး တိုးတက်ရန် လုပ်ဖို့လို အပ်ပါကြောင်း၊ ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ရင်ဆိုင်နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ စီးပွားရေးတွင်လည်း ဘက်စုံဖွံ့ဖြိုးမှု လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် အခြေခံကောင်း များရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် UEHRD သို့ နည်းလမ်း မျိုးစုံဖြင့် ကူညီနိုင်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ILBC Co. Ltd မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင်ဝင်းက Mobile Medical Clinic နှင့် ရူပါသိဒ္ဓိ လျှပ်စစ်ကား လှူဒါန်းရခြင်းရည်ရွယ် ချက်ကို ရှင်းလင်း ပြောကြားပြီးCare Well Medical Co. ltd မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမူယာညွန့် က Mobile Medical Clinic အကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ILBC Co. Ltd မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းကMobile Medical Clinic နှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လွှဲပြောင်း ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Mobile Medical Clinic နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ပြန်လည် လွဲှပြောင်းပေးအပ်သည်။
ယင်းနောက် ILBC Co. Ltd မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ လှူဒါန်းသည့် ရူပါသိဒ္ဓိလျှပ်စစ်ကား စက်ရုံတွင် ထုတ်လုပ်သည့် လျှပ်စစ်ကားနှင့်သက်ဆိုင်သည့် စာရွက် စာတမ်းများကို အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) Head of Supportive Group ဦးအေးလွင်ထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုနှင့် တက်ရောက်လာသူများက စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် Mobile Medical Clinic (ရွေ့လျားဆေးကုသခန်း) အတွင်း ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ တပ်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ကျင်းပသည့် UEHRD ပြည်ထောင်စုစီမံကိန်းသို့ ရွှေ့လျားဆေးကုသခန်း Mobile Medical Clinic လှူဒါန်းခြင်းနှင့်အတူ နိုင်ငံတော်၏ လိုအပ်သောနေရာများတွင် အသုံးပြုရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ ရူပါသိဒ္ဓိ လျှပ်စစ် ကား ထုတ်လုပ်ရေးစက်ရုံတွင် ထုတ်လုပ်သည့် KhitsanVmax Series EA4 Station Wagon လျှပ်စစ်ကားကိုလည်း ILBC Co,.Ltd မှ လှူဒါန်းခဲ့ကြောင်း သိရသည်။
#hl1
#ygn_aug2018
Source: MSWRR