လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ ၆ ရက်နေ့ နံနက် (၁ဝ) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNOCHA အဖွဲ့အစည်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စများ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
အလားတူ နံနက် (၁ဝ:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးကိစ္စများ၊ မိုင်းအန္တရာယ်အသိပညာပေးရေး၊ မသန်စွမ်းကလေးသူငယ်များအပါအဝင် အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ သဘာဝဘေးဖြစ်ပွားရာဒေသများ၌ အရေးပေါ်တုန့်ပြန်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဖြစ်ရပ်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့် ရက်(၁၀၀) စီမံချက်အတွင်း ပူးပေါင်းဆောင်ရွက်နိုင်မှုကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ နေ့လည်ပိုင်း (၁၃:ဝ၀) နာရီတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr.Winfried Wicklein ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံ ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုန့်ပြန်နိုင်စွမ်းမြင့်မားရေး အမျိုးသားအဆင့်မူဘောင်နှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ အာရှပစိဖိတ် သဘာဝဘေးအတွက် ပံ့ပိုးကူညီရေး ရန်ပုံငွေအား သုံးစွဲမှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ ကျား/မရေးရာ အခြေအနေလေ့လာဆန်းစစ်မှုစစ်တမ်း ဆိုင်ရာကိစ္စရပ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးအညွှန်းကိန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါ သည်။ ထို့အပြင် ရက်(၁၀၀) စီမံချက်တွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကူညီဆောင်ရွက်နိုင်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
ယင်းတွေ့ဆုံပွဲများသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ တာဝန်ခံညွှန်ကြားရေးမှုးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထို့နောက် ၂၀၁၆ခုနှစ်၊ ဧပြီလ(၇)ရက်နေ့၊ နံနက်(၁၁:ဝ၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ ဘေးမဖြစ်ပွားမီ ပုံမှန်ချိန်များတွင် မိုးလေဝသအခြေအနေသတင်းများနှင့် အာဆီယံဒေသတွင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာမှုအခြေအနေများ၊ ပြည်သူလူထုထံသတင်းများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးအတွက် လူမှုကွန်ယက်များဖြစ်သည့် ဝက်ဘ်ဆိုဒ်နှင့်ဖေ့စ်ဘုတ်တို့မှ သတင်းအချက်အလက်ဖြန့်ဝေမှုများကို လာရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။
ထို့အပြင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် တပ်ဆင်ထားသည့် Single Side Band – SSB စက်ကိရိယာများသုံးစွဲ၍ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများသို့ မိုးလေဝသသတင်းအခြေအနေများ ပေးပို့ဆောင်ရွက်မှုကို ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်စမ်းသပ်ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန ပိုမို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် SSB စက်များ တိုးချဲ့ တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။