သြဂုတ် ၂၁၊ မြိတ်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူ များအား ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရေးညှိနှိှုင်းခြင်းနှင့် မိုင်းအန္တရာယ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ထောက်ပံ့ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့သို့ ရောက်ရှိခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးတွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မသန်စွမ်း သူများနှင့် ရေဘေးသင့်ဒဏ်ခံနေရသည့် ပြည်သူလူထုများကို ထောက်ပံ့ကြေးငွေပေးအပ်ခြင်းများ ဆောင်ရွက်ရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက်ရန် အစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ ဥပဒေ၊ နည်းဥပဒေများချမှတ်ပြီး မသန်စွမ်းရန်ပုံငွေတစ်ရပ်ထူထောင်ရေး ကြိုးပမ်းခြင်းများဆောင်ရွက်ခြင်းနှင့် မဟာဗျူဟာစီမံချက်ရေးဆွဲ၍ မသန်စွမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ပါဝင်ဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေးများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများကို မသန်စွမ်းအဆင့်သတ်မှတ်ထားရှိပြီး ပုံမှန်ထောက်ပံ့မှုများပြုနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်းပြောကြားပြီး ထားဝယ် ခရိုင်နှင့်မြိတ်မြို့နယ်အတွင်းရှိ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ(၄၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၉၄) သိန်းကိုပေးအပ်ခဲ့ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ပြီး ကိုယ်စားလှယ် (၁) ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် မြိတ်မြို့မှ အမြန်ရေယာဉ်ဖြင့် တနင်္သာရီမြို့သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေးရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ရေဘေးသင့်ပြည်သူများအားထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ အမှာစကားပြောကြားရာ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကိုဖွဲ့စည်းထားရှိပြီး ဆောင်ရွက်နေပါ ကြောင်း၊ ပျက်စီးဆုံးရှုံးသွားသည့် လယ်ယာမြေများ၊ စိုက်ပျိုးသီးနှံများအမြန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်ရှိပါကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်ချက်များကို စာရင်းဇယားများ အချိန်မီ ကောက်ယူ၍ အမြန်ဆုံးတင်ပြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က တနင်္သာရီမြို့နယ်အတွင်းရေဘေးသင့်ပြည်သူများ အားထောက်ပံ့ပေးအပ်ခဲ့မှုအခြေအနေ များနှင့် ပတ်သတ်၍ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဖြည့်စွက် တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တနင်္သာရီမြို့နယ် အတွင်းရှိမိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ(၃၉)ဦးအတွက် ထောက်ပံ့ငွေ (၇၈) သိန်းနှင့် ရေဘေးသင့်ပြည်သူ များအတွက်ထောက်ပံ့ငွေကျပ် သိန်း(၃၀၀)ကျော်ကို ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ပြီး မြို့မိမြို့ဖ (၁) ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီမြို့အတွင်းရှိရေကြီးနစ်မြုပ်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု့ပြီးတနင်္သာရီခန်းမနှင့်ချောင်းငယ်ရပ်ကွက် ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်ကာ အားပေးစကားပြောကြားခဲ့ပြီးဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ကလေးငယ်များအတွက်မုန့်များ ထောက်ပံ့ပေးခဲ့ ပါသည်။
ဆက်လက်၍ချောင်းကြီးရပ်ကွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး အားပေးစကား ပြောကြားကာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ကလေးများအတွက် မုန့်များထောက်ပံ့ပေးခြင်း၊ ကျောင်းတိုက် အတွင်းဖွင့်လှစ်ထားသည့်ကလေးပျော်နေရာသို့ ကြည့်ရှုခဲ့ခြင်း၊ ကျောင်းတိုက်ဆရာတော်အားဖူးမျှော်ကြည်ညို၍ အလှူငွေ များပေးအပ်လှူဒါန်းခဲ့ပြီး၊ ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုနေရသည့် ချောင်းကြီ်းကျောင်းတိုက်အတွင်း (၅)ခန်းတွဲ သန့်စင်ခန်းဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ်(၂၀)သိန်းကို ပေးအပ်ခဲ့ရာကျောင်းအကျိုးတော် ဆောင်ကလက်ခံရယူခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မြိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ရေဘေးသင့်ဒေသများ ကူညီထောက်ပံ့နိုင်ရေးနှင့် အမြန်ပြန်လည်ထူထောင်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနက တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#tny_aug2018