၂၀-၈-၂၀၁၈၊ နေပြည်တော်
ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ (၂:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပပါသည်။ အစည်းအဝေးတွင် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်း မှုအဖွဲ့ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့၌ အများဆုံးဖြစ်ခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်ထိရောက် စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးနိုင်ရန်၊ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်ချက်များအပေါ်ပြန်လည်သုံးသပ်ပြီးဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့် ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ကိုဖွဲ့စည်းခဲ့ပါကြောင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အလျင်အမြန်နှင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ နေ့စဉ်ဘ၀ ပုံမှန်ပြန်လည်လည်ပတ်စေရေးတွင် အကျိုးရှိစေမည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် ပျက်စီးမှုများအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားပြီး လိုအပ်ချက်များကိုလည်း တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ထိခိုက်ဆုံးရှုံးမှုများလျော့ပါးစေရေး အစီအမံများကို လည်းဆောင်ရွက်သွားရန် အဖွဲ့၏လုပ်ငန်းတာဝန်များတွင် ပါရှိပြီးဖြစ်သဖြင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်း များကို လည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် အဓိက ငွေကြေးလိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဘတ်ဂျတ်ရန်ပုံငွေ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေတို့မှ သုံးစွဲသွားနိုင်ရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်းဆွေးနွေးပါသည်။
ဆက်လက်၍ ပူးတွဲဥက္ကဌဖြစ်သောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရန်လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအပြင် ဘေးမဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များစနစ်ကျနေရန်လိုအပ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းအပြင် အထောက်အပံ့ရရှိသည့်စာရင်းကိုပါ သိရှိရန်လိုကြောင်း၊ သို့မှသာတိုင်းဒေသကြီး/ ပြည်နယ်များ၏ ဆောင်ရွက်ထားမှုအပေါ် ဗဟိုမှ ဖြည့်ဆည်းပေးရမည့်လိုအပ်ချက်များကို အလေအလွင့်မရှိ စနစ်တကျဖြင့် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းပြောကြားပါသည်။
ထို့နောက် ဒုတိယဥက္ကဌများက ရေတိုရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၊ ဆောင်ရွက်မည့်နည်းလမ်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်မှုများအားညှိနှိုင်းဆွေးနွေးပါသည်။
ဆက်လက်၍ ရေဘေးဒဏ် အများဆုံးခံခဲ့ရသည့် ဒေသများဖြစ်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ရေဘေးဒဏ်ခံစားရမှုအခြေအနေ၊ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ ပြန်လည် ထူထောင်ရေးစတင်ဆောင်ရွက်နေမှုအခြေအနေနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်အခြေအနေများကို တင်ပြ ဆွေးနွေးရာ ဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့ကလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။
#hl1
#npw_aug2018