ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများ အမြန်ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် မသန်စွမ်းသူများကို ထောက်ပံ့မှုများဆောင်ရွက်

20 Pic 01

20 Pic 02

====================================================
သြဂုတ်၊ ၁၉၊ ရွှေကျင်

———————————-

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကျောက်ကြီးမြို့များသို့ရောက်ရှိပြီး မသန်စွမ်းသူများကို အားပေးထောက်ပံ့ခြင်း အခမ်းအနား များသို့တက်ရောက်၍ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ပြည်သူများတိုက်ရိုက်အကျိုးရှိစေမည့် လူမှုကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများကိုလည်း ၎င်းတို့ရရှိမည့်အခွင့်အရေး အပြည့်အဝရရှိရေး၊ စွမ်းဆောင်ရည် မြင့်မားရေး၊ ပါဝင်ဆောင်ရွက် နိုင်ရေး၊ အလုပ်အကိုင်ရရှိရေးများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများကို မသန်စွမ်းအဆင့်သတ်မှတ်ထားရှိပြီး ပုံမှန်ထောက်ပံ့မှုများပြုနိုင် အောင်လည်း ကြိုးပမ်းလျက် ရှိပါကြောင်း၊ မသန်သော်လည်းစွမ်းကြသူများဖြစ်စေရန် အစိုးရ၊ ပြည်သူများ၊ လူမှုအဖွဲ့အစည်း များ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပါကြောင်းဖြင့်ပြောကြားပြီး၊ အုတ်တွင်းမြို့နယ်ရှိ မသန်စွမ်းသူများအတွက် ကျပ်(၂၀၈.၈)သိန်း၊ ကျောက်ကြီးမြို့နယ်ရှိ မိုင်းဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သူများအတွက် ကျပ်(၅၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဒေါက်မြို့သို့ရောက်ရှိကြပြီး စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော တံခွန်တိုင်ဘုန်းတော်ကြီးကျောင်းရှေ့ မီးရထားလမ်းဟောင်းနေရာအားကြည့်ရှု၍ အရေးပေါ်လိုအပ်လျက်ရှိသော တံတားပြန်လည် တည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်(၁၅၀)သိန်းပေးအပ်ခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လယ်ယာမြေ များ၊ စိုက်ပျိုးသီးနှံများ၊ လမ်းတံတားများနှင့် အခြေခံအဆောက်အဦများ အမြန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို ညှိနှိုင်းခဲ့ပါသည်။ ဌာနဆိုင်ရာ အသီးသီးက ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့သို့ လည်း ဆက်သွယ်ဆောင်ရွက်ကြပါရန် တိုက်တွန်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေကျင်မြို့သို့ရောက်ရှိကြပြီး နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်းရှင်းလင်း ပြောကြားပြီး မငြိမ်းချမ်းမှုဒဏ်ခံစားခဲ့ရသော မိုင်းဒဏ်ရာကြောင့်မသန်စွမ်း ဖြစ်သူများကို တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေကျပ်(၇၄)သိန်းနှင့် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ ကျပ်(၅၄၃၉၀၀)ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေကျင်မြို့နယ်ရှိဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများ၊ ပြန်လည် ထူထောင်ရေး ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်း ရရှိပါသည်။

Sign Up

Upcoming Events