============================================
နေပြည်တော်၊ သြဂုတ် ၁၇
——————————–
မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ လက်စွဲစာအုပ်ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို နေပြည်တော် ဇမ္ဗူသီရိဟိုတယ်၌ (၁၇-၈-၂၀၁၈) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင်ကျင်းပသည်။
ထိုအခမ်းအနားသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် နှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ လက်စွဲစာအုပ် ပေါ်ထွက်လာရေးအတွက် ကူညီဆောင်ရွက်လျက်ရှိသော AAR (Japan) နှင့် Myanmar Centre for Responsible Business တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ INGO၊ NGO တို့မှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြည်ထောင်စု၀န်ကြီးက မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးသည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း မသန်စွမ်းသူများ အတွက် အထူးအလေးပေးဆောင်ရွက်နေပါကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သက်ပြီး ဆောင်ရွက်ခြင်းသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ထဲတွင် ပါဝင်နေပါကြောင်း၊ ထို့ကြောင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ဖွင့်လှစ်ပြီး စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ထိထိ ရောက်ရောက် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို မူတည်၍ တိုက်ရိုက် အကျိုးရှိစေသော လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက်အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနှင့် ပတ်သက်၍ အစိုးရ၊ လုပ်ငန်းရှင်များနှင့် အလုပ်လုပ်ကိုင်လိုစိတ်ရှိသော မသန်စွမ်းများကိုယ်တိုင်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုံးဦးသုံးဖလှယ် ဆောင်ရွက်နိုင်မှ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများထိရောက်စွာ ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေး ကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် ဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပြီး နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဆောင်သည့် အမျိုးသားကော်မတီကို ဖွဲ့စည်းခြင်း၊ မဟာဗျူဟာ ရေးဆွဲချမှတ်ခြင်း၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်တိုင်းတွင် အစိုးရဝန်ကြီးဌာနပေါင်းစုံ ပါဝင်ဆောင်ရွက်လျက်ပါကြောင်း၊ မသန်စွမ်းသူများအတွက် စွမ်းဆောင်ရည်မြင့်တင်ပေးဖို့လိုပါကြောင်း၊ အားလုံးအကျုံးဝင်ပညာရေးစနစ်၊ မသန်စွမ်းများအတွက် ICTနည်းပညာ အသုံးပြုသည့် အသက်မွေးဝမ်းကျောင်း ပညာရေး၊ မသန်စွမ်းအဆင့်သတ်မှတ်ပြီး ထိရောက်သော ပံ့ပိုးမှုပေးနိုင်ရေးတို့ဖြင့် မသန်စွမ်းသူများ မိမိကိုယ်တိုင်ဘဝ ရပ်တည်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်ရှင်များအနေဖြင့် အလုပ်သမားဥပဒေ၊ အလုပ်သမား အခွင့်အရေးတို့တွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်စား ဆောင်ရွက်ရေး၊ ကိုယ်ချင်းစာစိတ် ထားရှိဆောင်ရွက်ရေး၊ မသန်စွမ်းသူများ အလုပ်ရရှိရေးအတွက် ဝေပုံကျနှုန်းထား ထားရှိဆောင်ရွက်ရန်ကြိုးပမ်းရေး၊ မသန်စွမ်းသူများကလည်း မိမိတို့ရရှိသည့် အခွင့်အရေးများနှင့်အညီ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူက သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ (၄.၆)ရာခိုင်နှုန်းရှိပြီး၊ အစိုးရက ဥပဒေ၊ နည်းဥပဒေများဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများအတွက် ပိုမိုကောင်းမွန်သော အကျိုးဖြစ်ထွန်းမှုများ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မုဒိတာ စကားပြောကြားပါသည်။
Myanmar Centre for Responsible Business မှ Director ဖြစ်သူ Vicky Bowman ၊ AAR Japan မှ တာဝန်ရှိသူတို့က မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Myanmar Centre for Responsible Business နှင့် AAR (Japan) တို့မှ တာဝန်ရှိသူများက လက်စွဲစာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာသူများက လက်စွဲစာအုပ်၊ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ တိုးတက်မှုအခြေအနေများ၊ လိုအပ်ချက်များ၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားရေးရာ ကဏ္ဍများ၊ ဆက်စပ်ဆောင်ရွက်ရန် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အချက်တို့ကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။