============================================
၁၇-၈-၂၀၁၈၊ နေပြည်တော်
————————–
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းဆန္ဒ ဖော်ထုတ်ပွဲကို ၁၇-၈-၂၀၁၈ ရက်နေ့၊ နံနက်(၁၁)နာရီတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခုစလုံး၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပြီး တာဝန်ရှိမှုအပြင် စေတနာကိုပါ ပေါင်းစပ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊မိမိတို့၏ဆောင်ရွက်ချက်အတိုင်း ပြည်သူများအတွင်း ပုံရိပ်အဖြစ် ပေါ်လွင်စေမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ပုံရိပ်သည် ပြည်ထောင်စုဝန်ကြီးကစ၍ အခြေခံဝန်ထမ်း များအထိ ဝန်ထမ်းအားလုံး၏ဆောင်ရွက်မှုအပေါ်မူတည်ကြောင်း၊ ဆောင်ရွက်ချက်နှင့်ပုံရိပ် ထပ်တူကျ နေမည်ဖြစ်ကြောင်း၊ ဆောင်ရွက်တွင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များကို သိရှိနားလည်အောင် ကြိုးစားရမည်ဖြစ်ပြီး ကိုက်ညီအောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရသင့်သော အခွင့်အရေးများကိုရရှိရန် မိမိတို့ထမ်းဆောင်ရမည့် တာဝန်များ ကိုလည်း ကျေပွန်ရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို အမြဲဆန်းစစ်နေရမည်ဖြစ်ကြောင်း၊ ကြိုးစား အားထုတ်မှုနှင့် စွမ်းဆောင်ရည်ပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး အခွင့်အရေးရရှိမှုတူညီမည် မဟုတ်ကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်ကလည်း ဆရာမွေး၊ တပည့်မွေးခြင်းနှင့် တရားမျှတမှု မရှိခြင်းများ မဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ရာထူးတိုးမူဝါဒ၊ နိုင်ငံခြားစေလွှတ်ခြင်းဆိုင်ရာ သတ်မှတ်စည်းမျဉ်းများအတိုင်း ဆောင်ရွက်ရန်နှင့် အထူးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း အများစု၏သဘောထား ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်မညီလျှင် ရာထူးအဆင့်မရွေး အရေးယူ ခံကြရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ဝန်ထမ်းများက ဌာနအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက ဝန်ထမ်းများကို ပြန်လည်ရှင်းလင်း ဖြေကြားပြီး ဝန်ထမ်းများနှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပါ သည်။
ထို့နောက် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအပေါ် တစ်ဦးချင်း၏ ခံယူချက်အား ဖော်ထုတ်ခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။