ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုသတင်း

17_Pic_05
၁၆-၈-၂၀၁၈  နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကော်မတီ၏အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို Hilton Hotel  နေပြည်တော်၌ ယနေ့မနက် (၁၀)နာရီခွဲတွင်ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ကော်မတီပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်ကော်မတီဒုတိယဥက္ကဌ၊ အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့ ဥက္ကဌ   H.E . Professor Dr. Surakiart Sathirathai နှင့် အကြံပေးအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ကြပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ    H.E. Professor Dr. Surakiart Sathirathai က ပြောကြားရာတွင် ယနေ့တွေ့ဆုံဆွေးနွေးရခြင်းသည် မိမိတို့အကြံပေးအဖွဲ့၏ အကြံပြုချက်များ ပါဝင်သည့် နောက်ဆုံးအကြိမ်အစီရင်ခံစာ စာအုပ်ကို လွှဲပြောင်းပေးအပ်လိုသောကြောင့် ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် ယခုနှစ် ဇန်နဝါရီလမှစ၍ လုပ်ငန်းများကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား ရခိုင်ပြည်နယ် အကြံပြုချက်များဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်စေရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင် ရွက်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး အစိုးရအနေဖြင့် UNDP , UNHCR တို့ဖြင့် နားလည်မှုစာချွန်လွှာရေးထိုးလျက် လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည့်အတွက်လည်း များစွာဝမ်းမြောက်မိပါကြောင်း၊ ယခုအခါ နောက်ဆုံးအကြိမ် အစီရင်ခံစာတင်သွင်းပြီးဖြစ် သည့်အတွက် မိမိတို့၏ လုပ်ငန်းတာဝန်များ ပြီးမြောက်ပြီဖြစ်ပြီး အကြံပေးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင် အောင်မြင်ချောမွေ့စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကြံပေးအဖွဲ့၏ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အကြံပြုချက်များကို ထည့်သွင်းစဉ်းစားလျက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကောင်းမွန်သောရလဒ်များ ရရှိခဲ့တာကို တွေ့ရပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ ပါဝင်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေး အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့နှင့်လည်း နားလည်မှု စာချွန်လွှာရေးထိုးထားရှိပါကြောင်း၊ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင် အထည်ဖော်ရေးကော်မတီ၏ အကြံပြုချက်အကောင်အထည်ဖော်ရေးလုပ်ငန်းများတွင် ကုလသမဂ္ဂအဖွဲ့များ၏ ပါဝင်ပူးပေါင်း ဆောင်ရွက်မှု နှင့်ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို (၁၃-၈-၂၀၁၈)ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန UNHCR၊ WFP အဖွဲ့များ အပြင်၊ ကြက်ခြေနီအဖွဲ့များ အနေဖြင့် ကြက်ခြေနီလှုပ်ရှားမှုအသွင်ဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အခြေခံမူများနှင့်အညီ ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် တစ်ရပ်ကိုလည်း နိုင်ငံတကာနှင့် ပြည်တွင်းမှ ပညာရှင်များဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ IDP စခန်းများပိတ်သိမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်မှု အနေဖြင့် စခန်း(၃)ခု ပိတ်သိမ်းပြီး ကျန်ရှိနေသောစခန်းများအနက် စခန်း(၆)ခုကို ထပ်မံ၍ အမြန်ဆုံးပိတ်သိမ်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးတစ်လျောက် နယ်မြေလုံခြုံရေးအတွက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရေရှည်ပဋိပက္ခကင်းဝေးရန် လူမှုသဟဇာတဖြစ်ရေးသည် အရေးကြီး သဖြင့် လူမှုအဖွဲ့အစည်းများအကြား  တွေ့ဆုံဆွေးနွေးမှုများ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ကော်မတီအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြံပေး အဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ယခုလွှဲပြောင်းပေးအပ်သည့် အကြံပေးအဖွဲ့၏ နောက်ဆုံးအကြိမ်အစီရင်ခံစာသည် လည်း ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများကို များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ထိုင်းနိုင်ငံ Friends in Need (of “Pa”) Volunteers Foundation, Thai Red Cross မှ မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ဒေသများတွင် အရေးပေါ်အသုံးပြုရန်အတွက် ထိုင်းဘတ်ငွေ (၂) သန်းနှင့်ညီမျှသော အမေရိကန်ဒေါ်လာ (၆) သောင်းကို ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ    H.E. Professor Dr. Surakiart Sathirathai က ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရ ယူခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးကျော်တင့်ဆွေ ၊ ဦးသောင်းထွန်း၊ ဒေါက်တာ ဝင်းမြတ်အေး ၊ UEHRD ညှိနှိုင်း ရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ    H.E. Professor Dr. Surakiart Sathirathai နှင့် အဖွဲ့ဝင်များကို Hilton Hotel တွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

#hl1_ha_fld
#npw_aug2018
Source:  MSWRR

Sign Up

Upcoming Events