လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် (၂၀၁၆) ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ နံနက် (၁၁:ဝ၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ ဘေးမဖြစ်ပွားမီ ပုံမှန်ချိန်များတွင် မိုးလေဝသအခြေအနေသတင်းများနှင့် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာမှုအခြေအနေများ၊ ပြည်သူလူထုထံ သတင်းများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးအတွက် လူမှုကွန်ယက်များဖြစ်သည့် ဝက်ဘ်ဆိုဒ်နှင့် ဖေ့စ်ဘုတ်တို့မှ သတင်းအချက်အလက်ဖြန့်ဝေမှုများကို လာရောက် ကြည့်ရှုလေ့လာခဲ့ပါသည်။ ထို့အပြင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် တပ်ဆင်ထားသည့် Single Side Band – SSB စက်ကိရိယာများသုံးစွဲ၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများနှင့် ခရိုင်ဦးစီးမှူးရုံးများသို့ မိုးလေဝသသတင်းအခြေအနေများ ပေးပို့ဆောင်ရွက်မှုကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် စမ်းသပ်ဆက်သွယ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန ပိုမိုအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များတွင် SSB စက်များ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။