မုံရွာ ၊ သြဂုတ်၊ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ချင်းတွင်းမြစ်မြစ်ရေလျှံခြင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော မုံရွာမြို့ ချင်းတွင်းမြစ် ရေဘေးကာကွယ်ရေးတာတမံပိုမိုအဆင့်မြှင့်တင်ရန်လိုအပ်မှုအခြေအနေများကို လိုက်လံကြည့်ရှုခြင်းနှင့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆွေးနွေး ခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုလိုတွေ့ဆုံရခြင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုယ်စား လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေး ကျရောက်နိုင်မှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း၊ ဘေးကျရောက်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါ ကြောင်း၊ လက်ရှိရေဘေးသင့်ဒေသများအတွက် ဘေးသင့်ဒေသများအမြန်ပြန်လည် ထူထောင်ရေးပေါင်းစပ်ညှိနှိုင်း မှုအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့်ပတ်သက်၍ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးအတွက် လိုအပ်ချက်များကိုလည်းအကြံပြုဆွေးနွေးကြပါရန် ပြောကြားခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာ၀ ဘေးအန္တရာယ်ကျခဲ့သော ဒေသများကိုအလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့မှုများ၊ ကြိုတင်ကာကွယ်ရေးအတွက် ရေဘေးကြိုတင်ကာကွယ်ရေးစီမံချက်များရေးဆွဲဆောင်ရွက်ထားခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ထား ခြင်း၊ အသက်ကယ်လှေ (၅၄) စီးနှင့် အသက်ကယ်အင်္ကျီများကို ဖြည့်တင်းထောက်ပံ့ထားခြင်း၊ ခရိုင်အလိုက် သဘာ၀ ဘေးကျရောက်ပါက အသုံးပြုနိုင်ရန် ကျပ်သိန်း(၁၀၀)စီခွဲဝေထောက်ပံ့ပေးထားကြောင်းနှင့် ပြည်သူ၊ လူမှုအဖွဲ့ အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဆွေနွေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအဖွဲ့ဝင် များက သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှု၊တုံ့ပြန်ဆောင်ရွက်ခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများ၊ သဘာ၀ ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲများ၊ဇာတ်တိုက် လေ့ကျင့်မှုများကြိုတင်ပြုလုပ်ခြင်း၊ သဘာဝဘေးကျ ရောက်ပြီးပါက မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးအတွက် ရှာဖွေရေးကိရိယာများပြင်ဆင် ထားရှိမှုများ၊ ရှာဖွေ ကယ်ဆယ်ရေးလှေများကို မြို့နယ်များအလိုက်ဖြန့်ဝေထားရှိမှု၊အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဌာန (Emergency Operation Center) ဖွင့်လှစ်ထားရှိဆောင်ရွက်နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဆေးဝါးများ ကြိုတင် စာရင်းပြုစုထားရှိမှု၊ ရေသန့်ဆေးနှင့်မြွေဆိပ်ဖြေဆေးများ၊ မိုဘိုင်းရေသန့်စက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြ ဆွေးနွေးခဲ့ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ဤဥပဒေ၊ နည်းဥပဒေ များကိုလည်း ပြည်သူများသိရှိနားလည်အောင်ဆောင်ရွက်ပေးရန်လည်း တာဝန်ရှိကြောင်း ပြန်လည်ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းတွင်းမြစ်ကမ်းဘေးရှိမီးသတ်တပ်ဖွဲ့ အဆောက် အဦတွင် ကျင်းပပြုလုပ်သော သဘာဝဘေးလုပ်ငန်းများတွင် အသုံးပြုရန် မော်တော်ကား (၂) စီး၊ မော်တော် ဆိုင်ကယ် (၁၅) စီး၊ မော်တော်ဘုတ် (၂) စီး၊ စက်တပ်လှေ (၂၀) စီး၊ အသက်ကယ်အင်္ကျီ (၅၀၀) ထည်၊ ရေစုပ်စက် (၂၀) စုံနှင့် School Cum Shelter (၇)လုံးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ပြီး ချင်းတွင်းမြစ်အတွင်း မော်တော်ဘုတ်နှင့် စက်တပ်လှေများကို စမ်းသပ်မောင်းနှင်ပြသရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့သို့ရောက်ရှိကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တွေ့ဆုံ၍ သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဖြစ်သောလေပြင်းတိုက်ခတ်မှုနှင့် ငလျင်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးလုပ်ငန်းများ၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများဆောင်ရွက်နိုင်ခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။
#hl1
#sgg_aug2018