ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကောင်အထည်ဖော်ဆောင်သောလုပ်ငန်းများတွင် ကုလသမဂ္ဂ၏ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

13 Pic 01

===============================================
၁၃-၈-၂၀၁၈၊ နေပြည်တော်

———————————

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်များ အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂ၏ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပခဲ့ရာ ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးက အဆင့်မြင့်အရာရှိများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူများ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်မှာ (၁)နှစ်နီးပါး ရှိနေပြီဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏အကြံပြုချက်(၈၈)ချက်အနက် အချက်(၈၀)ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏မူဝါဒ၊ တည်ဆဲဥပဒေများနှင့်အညီ တည်ငြိမ်အေးချမ်းရေးကို အလေးထားပြီး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ အချိန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်ရန်အတွက် အရေးကြီးဆုံးအချက်မှာ တည်ငြိမ်အေးချမ်းမှုရှိရေးပင် ဖြစ်ပါကြောင်း၊ ကော်မတီ၏ အကြံပြုချက် အများစုသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသဟဇာတဖြစ်ရေးကို ဦးတည်ပါကြောင်း၊
အေးချမ်းတည်ငြိမ်ရေးအတွက် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသည့်အချက် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်အတွက် လုံခြုံရေးကဏ္ဍတွင် ပြည်သူပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစဉ် အဆင့်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့များအနေဖြင့် နိုင်ငံတကာ၏ အလေ့အထကောင်းများ၊ စံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးမြှင့်တင်မှုကို လုံခြုံရေးတပ်ဖွဲ့များ ပိုမိုနားလည်လာစေရန် ထောက်ပံ့ပေးသည့်လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက် စေလိုပါကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ရေး ဆောင်ရွက်မှုတွင်လည်း အကြံဉာဏ်များနှင့်အကူအညီများ ပေးစေလိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ပေါင်းစည်းရေး၊ ငြိမ်းချမ်းရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဖြေရှင်းရန်အတွက် ပြည်တွင်းလုပ်ငန်း၏ အခန်းကဏ္ဍတစ်ရပ်အဖြစ် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊
ဒုက္ခသည်များအား ပြန်လည်ခေါ်ဆောင်ရေးအတွက် မြန်မာနိုင်ငံနှင့် UNDP၊ UNHCR တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး အစည်းအဝေးများကျင်းပကာ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပြန်လည်နေရာချထားရန် ဆောင်ရွက်နေပါကြောင်း၊ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ရေရှည်တည်မြဲမည့်အဖြေရရှိရေး ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များထဲမှ တိုင်းပြည်အတွက် အကျိုးရှိမည့်အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ ဒီကနေ့ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ ထိရောက်သည့်ရလဒ်များ ထွက်ပေါ်လာစေဖို့ မျှော်လင့်ပါကြောင်း၊ အကောင်းဆုံးဖြစ်စေဖို့ ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခဲ့ရာ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events