===============================================
နေပြည်တော် သြဂုတ်လ(၉)ရက်
———————-
၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ မြင့်တက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လူဦးရေ(၁၅၀၀၀၀)ကျော် ရေဘေးသင့်ခဲ့ပြီး လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။ ရေဘေးသင့်ဒေသများတွင် အလျင်အမြန် ကယ်ဆယ်၊ ထောက်ပံ့ကူညီရေး လုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက အနီးကပ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခဲ့ပြီး ယခုအခါ နေရာတော်တော်များများတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ကူညီ ပံ့ပိုးပေးနိုင်ရေးနှင့် လိုအပ်ချက်များ ပြန်လည်သုံးသပ်ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ”ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့” ကို ဖွဲ့စည်းတာဝန်ပေးအပ်သွားရန် (၈-၈-၂၀၁၈)နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားကော်မတီအစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်း/ပြည်ပစေတနာရှင်များ၊ အသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊ ပြည်သူများအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧရိယာ (၆၂၀၃၈)ဧက ရေလွှမ်းခံခဲ့ရပြီး၊ (၅၄၂၈)ဧက ထိခိုက်ခဲ့သဖြင့် တောင်သူများရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့မှ စေတနာရှင်အလှူရှင်များက ရက်(၉၀)စပါးမျိုး မျိုးစပါးတင်း(၁၀၀၀) လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို သြဂုတ်လ(၉)ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်သန်းဦးက မျိုးစပါးတင်း(၁၀၀၀) လှူဒါန်းပေးအပ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးထွန်းဌေးတို့က လက်ခံရယူခဲ့ပါသည်။
ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးသွားသော သီးနှံစိုက်ခင်းများ ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရန် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်း/ပြည်ပစေတနာရှင် အလှူရှင်များက ကူညီထောက်ပံ့ ပေးလျက်ရှိပြီး တောင်သူလယ်သမားများအတွက် လိုအပ်သော မျိုးစေ့နှင့် နည်းပညာအကူအညီများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနေသည့်နည်းတူ မြေပြင်ထွန်ယက်ရေး လိုအပ်ချက်ရှိပါက စက်မှုလယ်ယာဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိပါသည်။