====================================================
နေပြည်တော်၊ သြဂုတ် ၉
————
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့တို့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ တာဝန်နှင့်ဆောင်ရွက်ချက်များဖြစ်သည့် မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးလုပ်ငန်းများ၊ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ ရေးဆွဲဖော်ထုတ်မှုများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသများဖြစ်သော ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွား သော အသက်(၂)နှစ်အောက်ကလေးများအတွက် ငွေကြေးထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက် နေပြီး အဆိုပါအစီအစဉ်အား ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်ရန် စီစဉ်နေမှုများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စုစာချုပ် အစိတ်အပိုင်း(၁) နှင့် (၂)တွင် ပါဝင်လက်မှတ်ရေးထိုးမည့် သဘောတူညီချက်(၅၁)ချက်တွင် လူမှုရေး ကဏ္ဍမူဝါဒ သဘောတူညီချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်နေမှုများ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချ ထားရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အဆိုပါလုပ်ငန်းများအား နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိနိုင်ရေး၊ နိုင်ငံတကာမှ သတင်းမီဒီယာများ ရခိုင်ပြည်နယ်တွင် လွတ်လပ်စွာ သတင်းရယူနိုင်ရေးကိစ္စများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNHCR, UNDP တို့အကြား ရေးထိုးထားသော နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။