၈-၈-၂၀၁၈၊ နေပြည်တော်
နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ အဓိကလုပ်ငန်း(၂)ရပ်ဖြစ်သော ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း များသည် ကြီးမားသောလုပ်ငန်းများဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြန်လည်လက်ခံရန်အသင့်ဖြစ်နေပြီဖြစ် ကြောင်း၊ ပါဝင်ဆောင်ရွက်မည့်သူများအနေဖြင့် ရှိလာနိုင်သည့် လိုအပ်ချက်များကိုဆန်းစစ်ကြည့်ရမည် ဖြစ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖေါ်ရာတွင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးသဖြင့် သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့၏ ကြီးကြပ်မှုများပါဝင်ရန်လိုအပ်သဖြင့် ကော်မတီတွင် ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများသာမက လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးလုပ်ငန်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေးကိုပါ ဆောင်ရွက်ရမည်ဖြစ်သဖြင့် UEHRD၏ လုပ်ငန်းများ၊ ကိုဖီအာနန် ကော်မရှင်နှင့် ဒုတိယသမ္မတ(၁)တို့၏ စုံစမ်းစစ်ဆေးရေးကော်မရှင်များက အကြံပြုချက်များကို အကောင် အထည်ဖေါ်သည့် လုပ်ငန်းများ ဆက်စပ်နေသဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ ယခုအစည်းအဝေး တွင် ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်း များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆက်စပ်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၊ ဒုတိယဥက္ကဌ (၂) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ နေရပ်စွန့်ခွာ သူများပြန်လည်နေရာ ချထားရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်ပူးတွဲ ဥက္ကဌ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး လုပ်ငန်းကော်မတီပူးတွဲဥက္ကဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ် ဝန်ကြီးဗိုလ်မှူးကြီးဖုန်းတင့်၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီအတွင်းရေးမှူး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနှင့် တွဲဖက်အတွင်းရေးမှူး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းတို့က ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ လိုအပ်ချက်များနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_aug2018