လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် အမျိုးသမီးများနှင့် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအား စစ်ဆေးမှုသတင်း

8-1 8-2 8-3

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ (၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး မျက်မမြင်စာ သင်ကြားပေးနေမှုနှင့် မျက်မမြင် အကြောပြင် အနှိပ်ပညာသင်ကြားနေမှု အပါအဝင် အမြင်အာရုံချို့တဲ့သူများအား ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ သင်ကြားရေးနှင့် တတ်မြောက်ထားသော ပညာရပ်များဖြင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေး စသည့် မျက်မမြင်သူများအား ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပါသည်။ ထို့နောက် မန္တလေးမြို့သို့ သွားရောက်၍ နားမကြားသော ကလေးများကျောင်းအား ကြည့်ရှုစစ်ဆေးပါသည်။ ၄င်းနောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ အဝတ်အထည်များကို ဆေးရေးပန်းချီ လုပ်ငန်းအပါအဝင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ပိုမိုဆောင်ရွက်ရန် မှာကြားပါသည်။ ဆက်လက်၍ မသန်စွမ်းသက်ငယ်ကျောင်းသို့ ရောက်ရှိပြီး ဉာဏ်ရည်မမှီသောကလေးများအား အခြေခံ အရေး၊ အဖတ် သင်ကြားပေးမှု၊ မသန်စွမ်းကျောင်းသား/သူများအား မူလတန်းပညာနှင့် အကြို အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးမှု၊ လူမှုဘဝပတ်ဝန်းကျင်တွင် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေး လေ့ကျင့်နေမှုတို့ကို ကြည့်ရှု၍ ပညာသင်ကြားပေးလျက်ရှိသော မသန်စွမ်းကလေးများကို အားပေးစကား‌ပြောကြား၍ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများအား လမ်းညွှန်ပါသည်။ ထို့နောက် အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်း၌ မိန်းမဝတ်(စင်တီမီတာ/လက်မ)၊ ကျားရှပ်၊ ကုတ်အင်္ကျီ စသည့် အချုပ်အလုပ်လုပ်ငန်းများနှင့် မုန့်မျိုးစုံလုပ်ငန်းများကို ကြည့်ရှု၍ သင်တန်းသူ/သားများအား အိမ်တွင်းမှုလုပ်ငန်းများ ရေရှည်တည့်တံ့ပြီး တန်ဘိုးထား လေးစားကြရန် လမ်းညွှန်မှာကြားပြီး ကလေးပြုစုရေးဌာနကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မတ်လ(၇)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ မီးဘေးသင့်ပြည်သူများအတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ ငွေသား (၂၈)သိန်းကျပ်နှင့် (၂.၅) သိန်းခန့်တန်ဖိုးရှိသော အဝတ်အထည်များကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events