===============================================
နေပြည်တော်၊ သြဂုတ် ၇
———–
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် (UN- Habitat) မှ Country Programme Manager ဖြစ်သူ Mr. Bijay Karmacharya နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သောအဖွဲ့တို့က ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
UN- Habitat အဖွဲ့နှင့် တွေ့ဆုံရာတွင် မိမိတို့အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ နည်းပညာဆိုင်ရာ ကူညီပံ့ပိုးနေမှုများ၊ ရခိုင်ပြည်နယ်တွင် နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ပြန်လည်နေရာချထားရေးဆောင်ရွက်ရာတွင် UN- Habitat မှ အကြံဉာဏ်နှင့် နည်းပညာဆိုင်ရာအထောက်ပံ့များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ UNHCR နှင့်UNDP တို့အကြား ရေးထိုးထားသော နားလည်မှုစာချွန်လွှာအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းပညာလုပ်ငန်း အဖွဲ့မှ ရခိုင်ပြည်နယ်သို့ကွင်းဆင်းသွားရောက်ခဲ့သည့်ကိစ္စ၊ လူမှုသဟဇာတဖြစ်မှုအားရှေးရှု၍ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အား စံပြမြို့နယ်အဖြစ် တည်ထောင်မည့်ကိစ္စရပ်များ၊ ယာယီခိုလှုံရေးစခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာချမှတ်နိုင်ရေးဆောင်ရွက်နိုင်မှုများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးလုပ်ငန်းများနှင့် အမေရိကန်နိုင်ငံအနေဖြင့် လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးနိုင်ရေးကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။