ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရန်နှင့် ပြန်လည်ထူထောင်ရေး အလျင်အမြန် အကောင်အထည်ဖော်ရန် စီမံချက်ဖော်ဆောင်၍ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး

2_Pic_03

2_Pic_04

2_Pic_05

===============================================
သြဂုတ်၊ ၃၊ မော်လမြိုင်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအမြန်စတင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ညှိနှိုင်းမှုအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါ သည်။

အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများကြောင့် လယ်ယာမြေနှင့် သီးနှံဆုံးရှုံးမှုများ၊ လမ်းတံတားပျက်စီးမှုများ၊ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လိုအပ်ချက်များကို အမြန်ပြန်လည်ဖြည့်ဆည်းပေးရန်၊ ရေဘေးသင့်ပြည်သူများ မိမိတို့၏အသက်မွေးလုပ်ငန်းများသို့ ပြန်လည်ဝင်ရာက်လုပ်ကိုင်နိုင်ရေး၊ လယ်ယာမြေများပြန်လည် စိုက်ပျိုးနိုင်ရေး၊ တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့်အစားအစာကိစ္စရပ်များ၊ ရေများ ပြန်ကျပြီးနောက် ရေတွင်းရေကန်များ ပြန်လည်တူးဖော်ရေးနှင့်ရေသန့်ရရှိရေး၊ ကျောင်းများအမြန် ပြန်လည်ဖွင့်မည် ဖြစ်၍ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးနိုင်ရေးနှင့်ကဏ္ဍအလိုက် လိုအပ် ချက်များကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးညှိနှိုင်းမှုကော်မတီကို ဖွဲ့စည်း၍ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် အတူပူးပေါင်းကာ စီမံချက်ဖော်ဆောင်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးအပိုင်းတွင် ဆောင်ရွက်ရမည့် အခြေအနေများအတွက် အကြံပြုဆွေးနွေးကြပါရန် ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အခြေခံအဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုများ၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမျာကို ပြန်လည်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် လိုအပ်ချက် များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက လုပ်ငန်းများ အမြန်စတင်အကောင်အထည်ဖော်နိုင်ရေးအတွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းပွဲကို ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရေသန့်ဆေးများနှင့် ဓာတ်ဆားမှှုန့်ထုပ် များကိုလည်းကောင်း၊ ဦးကိုကိုဦး + ဒေါ်စန္ဒာအောင်မိသားစုက အလှူငွေကျပ် သိန်း(၃၀၀)နှင့် ဘုတ်ဆုံမ မိသားစုက ကျပ်(၅၅)သိန်းကျော်တန်ဖိုးရှိ ဆန်နှင့် စားသောက်ကုန်များကို ထောက်ပံ့ လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ ရွှေယဉ်မျှော်ဘုရားကုန်းတော်နှင့်ပြည်နယ် အားကစားခန်းမတွင်တို့တွင် ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်းများသို့ရောက်ရှိကြပြီး ပြည်သူများစခန်းတွင် နေထိုင်စဉ် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ထောက်ပံ့ပစ္စည်းများစနစ်တကျ ဖြန့်ဝေပေးနေမှုအခြေအနေများကိုလေ့လာပြီး ကလေးငယ်များအတွက် အာဟာရမုန့်များပေးဝေခြင်း၊ ကိုယ်ဝန်ဆောင်နှင့် ရင်ခွင်ပိုက်ကလေးငယ်မိခင်များကို ထောက်ပံ့ငွေများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ရောက်ရှိကြပြီး ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် မွန်ပြည်နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများက မွန်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများနှင့် ယခုလက်ရှိအခြေအနေများ အခြေခံအဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်မှုအခြေအနေများ၊ ရေဘေး သင့်ပြည်သူများ၏ အခြေခံလိုအပ်ချက်များနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် လိုအပ်မည့် အခြေအနေများကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကနဦးကောက်ယူ ရရှိထားသော စာရင်းဇယားများတွင် အချက်အလက်များပြည့်စုံမှန်ကန်မှုရှိစေရန်နှင့် ရေကျပြီးနောက် ရေသန့်ရရှိရေး အတွက် ရေစုပ်စက်များနှင့်ရေသန့်ဆေးများကို ထောက်ပံ့ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကဏ္ဍ အသီးသီးက လိုအပ်ချက်အတွက်ဝန်ကြီးဌာနများက ရရှိပြီးသောဘတ်ဂျက်နှင့် ထပ်မံလိုအပ်သော ဘဏ္ဍာငွေဆိုင်ရာကိစ္စရပ်များကို ပြန်လည်ထူထောင်ရေးညှိနှိုင်းမှုကော်မတီနှင့် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့က ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း ၊ သဘာဝဘေးနှင့် ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များ ကိုလည်း ခေတ်နှင့်အညီလျော်ညီအောင် ပြင်ဆင်ဆောင်ရွက်မည်ဖြစ်၍ ပြည်သူများအတွက် တရား ဥပဒေစိုမိုးရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်အကျိုးဖြစ်ထွန်း အောင်ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်းနှင့် ကြုံတွေ့နိုင်သည့် အခက်အခဲများကို အစိုးရ၊ လွှတ်တော်၊ လူမှုအဖွဲ့အစည်း များနှင့် ပြည်သူများ အားလုံး၏စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events