နေပြည်တော် ၊ ၂.၈.၂၀၁၈
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအလွဲသုံးမှုအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့နှင့် ကုသရေးလုပ်ငန်းအဖွဲ့တို့၏ မူဝါဒ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ယနေ့ (၂.၈.၂၀၁၈)ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် ကျင်းပရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။ ဒုတိယ ဝန်ကြီးမှ ယခုအစည်းအဝေးသည် တတိယအကြိမ် (၂၁) ရာစု ပင်လုံညီလာခံ၏ ပြည်ထောင်စု သဘောတူစာချုပ်ပါ အစိတ်အပိုင်း (၂) ၏ နောက်ဆက်တွဲ (ဂ) ပါ လူမှုရေးကဏ္ဍ အခြေခံမူ သဘောတူညီချက် (၇) ချက်အနက် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးမှုဆိုင်ရာအန္တရာယ်လျှော့ချရေး (Harm Reduction)၊ ကုသရေးနှင့် ပြန်လည်ထူထောင် ရေးအတွက် ထိရောက်သောမူဝါဒများ ချမှတ်ဆောင်ရွက်ရန်” ဆိုသည့်အချက်ကို ဖော်ဆောင် နိုင်ရန် အတွက် မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် မူဝါဒများ ပေါင်းစပ်ညှိနှိုင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ် ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဖွဲ့စည်း ထားသော လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့အနက် ယခု အစည်းအဝေးကို တက်ရောက်လာသည့် လုပ်ငန်းအဖွဲ့ (၂) ဖွဲ့က လူမှုရေးကဏ္ဍ အခြေခံမူ သဘောတူညီချက်ပါအချက်ကို လမ်းညွှန်ချက်ဟုခံယူပြီး မူဝါဒ ချမှတ်ရန်လိုအပ်ကြောင်း၊ ထိုမူဝါဒသည်လည်း အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် လက်တွေ့ ဆန်သည့် မူဝါဒဖြစ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးရေးဆွဲ ကြရန်ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ မူဝါဒရေးဆွဲရာတွင်လည်း အကောင်အထည် ဖော် မည့် နည်းဗျူဟာများကို ဆောင်ရွက်ရန်လိုအပ်မည့် ဘဏ္ဍာရန်ပုံငွေကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒနှင့်လည်း လိုက်လျော ညီထွေဖြစ်ရန် လိုအပ်သကဲ့သို့ ပြင်ဆင်ပြောင်းလဲပြဌာန်းခဲ့သည့် မူးယစ်ဥပဒေနှင့်လည်း ဟန်ချက် ညီရန်လိုအပ်ကြောင်း ပြောကြားသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မူးယစ်ဆေးစွဲရောဂါ ကုသရေးစီမံချက်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက် ပြီး လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအား တင်ပြဆွေးနွေးကြပြီး ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သောမူဝါဒ ပေါ်ထွက် လာစေရန် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
#hl2
#npw_aug2018