
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးမြို့မှ မွန်ပြည်နယ် ဘီးလင်းမြို့သို့သွားရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယာယီ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူလူထုများကို တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သော ဆန်ရိက္ခာဖိုး၊ စားသုံးဆီ၊ ငါးသေတ္တာနှင့် လူမှုရေးအကူအညီများ၊ ကယ်ဆယ်ရေး တာဝန်ထမ်းဆောင်နေစဉ် ပျောက်ဆုံးခဲ့သော တပ်မတော်သား (၃)ဦးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ စက်တပ်လှေ (၅) စင်း ပေးအပ်ခြင်းနှင့် ရေဘေးခိုလှုံရာအဆောက်အဦး (cyclone shelter) (၂)လုံး ဆောက်လုပ်ရန် အတွက် စီစဉ်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘီးလင်းမြို့ပေါ်ရှိ သာသနဝိပုလ္လကာရီ ဘုန်းတော်ကြီး ကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသော ရေဘေးရှောင် စခန်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာဖိုး၊ စားသုံးဆီ၊ ငါးသေတ္တာနှင့် လူမှုရေး အကူအညီများ ထောက်ပံ့ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြောကြားရာတွင် လိုအပ်ချက်အလိုက် ဆက်လက်၍ ထောက်ပံ့မှုများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း ပကတိအခြေအနေအရ လိုအပ်ချက်များကို ဆွေးနွေး အကြံပြုကြစေလိုကြောင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ကိုယ်ဝန်ဆောင်များနှင့်ကလေးငယ်များအတွက်လည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်(၂၉)ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ကွင်းချောင်းဝကျေးရွာ၊ ဆေးချောင်းဝဘုန်းတော်ကြီးကျောင်း တွင် ရောက်ရှိနေသော ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များသည် ပိုမိုပြင်းထန်လာပါကြောင်း၊ အခုလိုယာယီစခန်းများသို့ ခေတ္တရောက်ရှိနေစဉ် ပြည်ထောင်စုအစိုးရက တိုက်ရိုက်လာ၍ ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူလူထုများကလည်း ပူးပေါင်းကူညီ နေကြသည်ကိုသိရှိရပါကြောင်း၊ ယခုလိုထောက်ပံ့မှုသည် ပြည်သူ့ဘဏ္ဍာကိုသုံးစွဲဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာများ ပြည်သူများထံလိုအပ်သောအချိန်တွင် လိုအပ်သူများထံ အချိန်မီ လေလွင့်မှုမရှိဘဲ ရောက်ရှိအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆန်ရိက္ခာဖိုးများ၊ ကိုယ်ဝန်ဆောင်များနှင့် မွေးကင်းစ ကလေးများအတွက် စုစုပေါင်းထောက်ပံ့ပေးငွေ ကျပ်သိန်း (၁၁၀)ကျော်အား ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်တောင်းမြစ် ရေကာတာ ရေတိုးဝင်မှုအခြေအနေအားကြည့်ရှုပြီး၊ ရေကာတာကြံ့ခိုင်မှုအတွက် စုပေါင်း၍ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေကြသော ပြည်သူများကို ကျေးဇူးတင်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ကြီးမြို့နယ်၊ မိုးကုတ်ဝိပဿနာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့် ပြည်သူများကို အားပေးစကား ပြောကြားခဲ့ပြီး ဆန်ရိက္ခာဖိုးများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစကလေးများနှင့် ကျောင်းသားကျောင်းသူများအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၅၉) သိန်းကျော်အား ပေးအပ်ခဲ့ပါသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_ha_fld
#mon_jul2018
#bgo_jul2018
Source: MSWRR
ဇူလိုင်၊ ၂၉၊ ကျောက်တံခါး