
ဇူလိုင်၊ ၂၇၊ ပဲခူး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ယာယီ ရေဘေးရှောင်စခန်းများသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံကာ အားပေးစကား ပြောကြားပြီးလိုအပ်သော စားနပ်ရိက္ခာနှင့် လူမှုရေးအကူအညီများကို ထောက်ပံ့ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ပေါ်ရှိ မွန်ဓမ္မာရုံ၊ မိုးလုံလေလုံအားကစားခန်းမ၊ ရွှေနံ့သာဘုန်းတော်ကြီးကျောင်းနှင့် ကြခတ်ဝိုင်းဘုန်းတော် ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသော ရေးဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားရာတွင် ကမ္ဘာ့နေရာအသီးသီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များပိုမိုဖြစ်ပွားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယခုလအတွင်း မြန်မာနိုင်ငံ၏ နေရာဒေသ အချို့တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် လိုက်လံကြည့်ရှု့အားပေးထောက်ပံ့လျက် ရှိပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့၊ မဒေါက်မြို့၊ရွှေကျင်မြို့များသည် စိုးရိမ်ရေအမှတ် အထက်တွင်ရှိနေပြီး၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိ သောကြောင့် ပြည်သူအချို့ကိုရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိနေရကြောင်း၊ ယာယီစခန်းများတွင် ခေတ္တနေထိုင်စဉ်ကာလအတွင်း စားနပ်ရိက္ခာနှင့် ကျန်းမာရေး၊ လူမှုရေးလိုအပ်ချက်များကို ပြည်ထောင်စုအစိုးရအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ထိရောက်စွာကူညီ ထောက်ပံ့ပေး လျက်ရှိကြောင်း၊ ရေဘေးသင့် ပြည်သူများအတွက် လိုအပ်ချက်အလိုက် ဆက်လက်ထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေးုလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ပြည်သူများကလည်း ပကတိအခြေအနေအရ လိုအပ်ချက်များကို ဆွေးနွေးအကြံပြကြစေလိုကြောင်းပြောကြားပြီး ဆန်၊ စားသုံးဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကလေးများအတွက် ပဲနို့နှင့်မုန့်များ၊ ကိုယ်ဝန်ဆောင်များနှင့်ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ် ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဒေါက်မြို့သို့ရောက်ရှိကြပြီး တံခွန်တိုင် ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီ ရေဘေးရှောင်စခန်းရှိ ပြည်သူများကို တွေ့ဆုံ အားပေးစကားပြောကြားခြင်းနှင့် ရွှေမြတ်လေး ပရဟိတအဆောက်အဦးတွင် ပြွန်တန်ဆာမြို့မှ ရွှေဇာမြေ လူမှုကူညီရေးအသင်းနှင့် ပြည်သူများက ရေဘေးရှောင်ပြည်သူများအတွက် လှူဒါန်းသော ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် အာဟာရ မုန့်များကို လက်ခံရယူပြီး ရေဘေးသင့် ပြည်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေကျင်မြို့ နှစ်ကျိပ်ရှစ်ဆူမြို့ဦးဓမ္မာရုံတွင် ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်းသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် လူမှုရေးအရထောက်ပံ့ရန် လိုအပ် သူများကို ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ များလိုက်ပါခဲ့ကြပြီး ယနေ့ထောက်ပံ့ငွေ စုစုပေါင်းတန်ဖိုးမှာ ကျပ် (၄၅၁)သိန်းကျော် ဖြစ်ကြောင်း သိရှိရပါသည်။
ယနေ့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ နောက်(၂)ရက်အတွင်း မိုးပိုမိုအားကောင်းစွာ ဆက်လက်ရွာသွန်း နိုင်ပြီး၊ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်တိုးမြင့်လာနိုင်ပါသည်။ ထို့ကြောင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများနှင့် အလျင်အမြန် တုံ့ပြန်နိုင်ရေးအတွက် သက်ဆိုင် ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#hl1_fld
#bgo_jul2018
Source: MSWRR