
ဇူလိုင် ၂၆၊ မြဝတီ
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒေသကွက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအား ပေးထောက်ပံ့နိုင်ရန် ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် (၂၅-၇-၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးတိမ်းရှောင်နေသည့် အိမ်ထောင်စု(၂၀)စုရှိ ပြည်သူ (၁၀၁)ဦးအား တွေ့ဆုံ အားပေးကာ ဆန်ရိက္ခာဖိုးငွေ၊ မိသားစုအလိုက် ဆီ၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တို့အား ထောက်ပံ့ခြင်း၊ ကလေးငယ်များအတွက် မုန့်များပေး အပ်ခြင်း၊ ဒေသခံတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့သည် မြဝတီမြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး မြဝတီခရိုင်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ခဲ့မှုများအခြေအနေ၊ ရာသီဥတုပြောင်းလဲမှုများကြောင့် အကြိမ်ရေနှင့်ပြင်းထန်အားများလာသည့် သဘာဝဘေးအန္တရာယ်များ အား အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ပြည်သူလူထုအပါအဝင် ဆက်နွယ်ပတ်သက်သူအားလုံးမှ ဟန်ချက်ညီညီ နည်းစနစ်တကျ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေတို့အား ဆွေးနွေးပြီး ဒေသအတွက် လိုအပ်ချက်များဖြစ်သည့် ရေကြီးချိန်တွင်အသုံးပြုရန် အရေးပေါ်စက်တပ်လှေ၊ မြစ်ကူးချောင်းကူး ပညာသင်ကြားရသည့် ကျောင်းသားကျောင်းသူများအတွက် အသက်ကယ်အကျီ ၤ၊ ရုတ်တရက် ရေကြီးချိန်တွင် ယာယီခိုလှုံရန်အတွက် လိုအပ်သည့် ရွက်ဖျင်တဲများအား ပံ့ပိုးထောက်ပံ့ နိုင်ရေးတို့အား ဆွေးနွေးညှိနှိုင်းပေးခဲ့ပါသည်။
ယင်းနောက် မြဝတီမြို့တွင်ဖွင့်လှစ်ခဲ့သည့် ရေဘေးရှောင်စခန်း(၁၂)ခုအနက် ရေများ ပြန်လည် ကျဆင်းသွားသော်လည်း ရေတင်ကျန်မှုအခြေ အနေအရ ဖွင့်လှစ်ထားရသည့် ကျွန်းတောဈေး ရေဘေးရှောင်စခန်းရှိ အိမ်ထောင်စု (၂၇)စုမှ လူဦးရေ (၁၄၀)အား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ပြီး စားနပ်ရိက္ခာနှင့် ကလေးများအတွက် မုန့်များ ထောက်ပံ့ပေးခဲ့ကာ ဝိုင်းဝန်း ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများအား ကျေးဇူးတင် ရှိပါကြောင်းနှင့် ကူညီထောက်ပံ့မှုများ အလေအလွင့်မရှိစေရေး၊ ရေဘေးရှောင်ပြည်သူများ လက်ဝယ်သို့ ထိထိရောက်ရောက် ရရှိစေရေးတို့အတွက် လည်း ဆက်လက်ကူညီပေးရေးတို့အား ဆွေးနွေးခဲ့ပြီး အနိမ့်ပိုင်းချိုင့်ဝှမ်းရှိ ရေထွက်ပေါက်မရှိသည့် နေရာများတွင် ရေစုပ်ထုတ်နိုင်ရေးအတွက် ရေစုပ် စက်များ အကူအညီပေးရေးတို့ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_fld
#krn_jul2018
Source: MSWRR