
လန်ဒန်၊ ဇူလိုင် ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဗြိတိန် နိုင်ငံ၊ လန်ဒန်မြို့တွင် (၂၃.၇.၂၀၁၈) ရက်နေ့မှ (၂၄.၇.၂၀၁၈) ရက်နေ့အထိ ကျင်းပခဲ့သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ၎င်းထိပ်သီးဆွေးနွေးပွဲအား Department for International Development (UK)၊ ကင်ညာနိုင်ငံအစိုးရနှင့် International Disability Alliance တို့က ပူးပေါင်းကျင်းပခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံ (၇၅)နိုင်ငံမှ ကိုယ်စားလှယ် (၇၅၀)ဦး ပါဝင်တက်ရောက်ခဲ့ကြပါ သည်။
ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် Civil Society Forum အား ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ မူဝါဒချမှတ်သူများ၊ ကျွမ်းကျင်သူများ၊ မသန်စွမ်းသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး မသန်စွမ်းသူများ၏ စီးပွားရေးစွမ်းဆောင်ရည်မြင့်မားရေး၊ မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခံရမှုကင်းဝေးပြီး တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းမှုဆိုင်ရာ သတင်း အချက်အလက်များကောက်ယူမှု သေချာစေရေး၊ မသန်စွမ်းမှုဆိုင်ရာကိစ္စရပ်များအား အကဲဖြတ်လေ့လာဆန်းစစ်မှုတွင် မသန်စွမ်းသူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ၂၀၃၀ အစီအစဉ်တို့ကို ထိရောက် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းမှုအကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့၏ အရေးကြီးသော အခန်းကဏ္ဍ၊ မသန်စွမ်းမှုအမျိုးမျိုးတို့အတွက် အသိပညာမြင့်မားစေရေး၊ မူဝါဒချမှတ်သူများ အပါအဝင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် မသန်စွမ်းမှုအကျုံးဝင် ဖွံဖြိုးတိုးတက်မှုကို ဦးတည်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်တို့ကို သိရှိနားလည်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါ သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၂၄.၇.၂၀၁၈) ရက်နေ့တွင် ကျင်းပသည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီး ပါဝင်လက်မှတ်ရေး ထိုးခဲ့ကြသည့် မသန်စွမ်းမှု အကျုံးဝင် (Charter for Change) နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မူဝါဒပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရေး၊ လူတိုင်းအကျုံးဝင်ပညာရေး၊ မသန်စွမ်းသူများ၏ စီးပွားရေးစွမ်းဆောင်ရည် မြင့်မားရေးနှင့် မသန်စွမ်းသူများအတွက် အဆင်ပြေ သင့်တော်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်များ ဖန်တီးရေး၊ နည်းပညာခေတ်နှင့်အညီ မသန်စွမ်းသူများ သတင်းအချက်အလက်နှင့် နည်းပညာ များ အသုံးပြုဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းမှု စစ်တမ်းကောက်ယူနိုင်ရေး၊ မသန်စွမ်းမှုအကျုံးဝင် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေတို့တွင် မသန်စွမ်းသူများအား ကူညီကာကွယ် စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အလေးထားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#UK_jul2018
Source: MSWRR