(၁၅)ကြိမ်မြောက်အာဆီယံဒေသတွင်းဖိုရမ်၏ သဘာ၀ဘေးကယ်ဆယ်ရေးဆိုင်ရာ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပပြုလုပ်ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ ပူးတွဲဥက္ကဌများဖြစ်ကြသော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်းဖိုရမ်အဖွဲ့၀င် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြပါသည်။
အစီအစဉ်အရ ပြည်ထောင်စု၀န်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် အာဆီယံဒေသတွင်း ဖိုရမ်၏ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းခွင့်ရသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်မှု၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရဲ့ ဦးဆောင်မှုဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီး (Disaster Management Training Center) ကို ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့မှာ ထူထောင်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းကျေးရွာ (၅၀၀)ကျော်မှ စေတနာ့၀န်ထမ်းလူငယ်(၉၀၀၀)ဦးကိုလည်း လေ့ကျင့်သင်တန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ( Myanmar National Strategic Plan on Social Protection) မှာ သဘာဝဘေးသင့်သူများ အားကူညီထောက်ပံ့ခြင်းအပါအဝင် လူမှုရေးအရကာကွယ်စောင့်ရှောက်ရန်လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် တဆင့်ပြီးတဆင့် ထောက်ပံ့ဆောက်ရွက်သွားမှာဖြစ်ပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ (၂၀၁၃)နှင့် နည်းဥပဒေ (၂၀၁၅) တို့နှင့်အညီ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရချိန်တွင် လျင်မြန်သည့် တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ်ကာလဆက်သွယ်ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို အရပ်ဘက် နှင့် တပ်မတော်ပူးပေါင်းဆောင်ရွက်မှုဖြင့် အဖွဲ့အစည်းအားလုံးပါဝင်လျက် အရေးပေါ်အခြေအနေကွပ်ကဲမှုဗဟိုဌာန (Emergency Operation Center- EOC) ၏ ကွပ်ကဲမှုဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၂၀၃၀ ဆန်ဒိုင်းမူဘောင် ဦးစားပေးလုပ်ငန်းစဉ်များကို အလေးထားပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားပြင်းတဲ့ အယ်နီညိုရဲ့ နောက်ဆက်တွဲအန္တရာယ်များဖြစ်တဲ့ မီးဘေး၊ မိုးခေါင်ရေရှားဘေးနဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကိုရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် အာဆီယံ ဒေသအတွင်း ကြိုတင်ပြင်ဆင်ကာကွယ်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြဖို့ အထူး တိုက်တွန်းမှာကြားလိုပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောကြားပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပါသည်။
(၂)ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် အာဆီယံ ဒေသတွင်း ဖိုရမ်အဖွဲ့၀င် (၂၆) နိုင်ငံများမှ ကိုယ်စားလှယ်များသည် ပိုမိုကောင်းမွန်တဲ့ တုန့်ပြန်ဆောင်ရွက်ရေး (Building a better Response) အတိုင်း အာဆီယံဒေသအတွင်းအရပ်ဘက်နှင့်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ရေးစနစ်များ အပါအ၀င် ဒေသတစ်ခုတုန့်ပြန်မှုတစ်ခု(One ASEAN One Response) ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။