မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ဒေသများသို့ အမျိုးသား သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သွားရောက်ထောက်ပံ့

25 Pic 01
===================================================
၂၅-၇-၂၀၁၈၊ ဘားအံ
—-
 
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် (၂၂) ရက်နေ့မှစ၍ နေ့စဉ်မိုးရေချိန် (၇) လက်မခန့် ရွာသွန်းမှုကြောင့် ဒေသကွက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး၊ ပြည်သူများ ရေဘေးရှောင်နေရမှုကြောင့် တွေ့ဆုံအားပေးထောက်ပံ့နိုင်ရန် အမျိုးသားသဘာဝ‌ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် (၂၄) ရက်နေ့ ညနေပိုင်းတွင် ရေဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ပါသည်။
 
ရှေးဦးစွာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ည (၉) နာရီတွင် တွေ့ဆုံခဲ့ရာ ရေကြီးရေလျှံမှု ဖြစ်ပေါ်မှုအ‌ခြေအနေ၊ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ ဒေသ၏လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာ လိုအပ်ချက်များအခြေအနေ၊ မြစ်ကူးချောင်းကူး ကျောင်းတက်နေရသည့် ကလေးငယ်များ အတွက် အသက်ကယ်အကျႌလိုအပ်မှု အ‌ခြေအနေ၊ ကျေးရွာချင်းဆက် ချောင်းကူးတံတား ပျက်စီးမှုအား အရေးပေါ်ပြုပြင်ရန် လိုအပ်မှုအခြေအနေတို့အား တင်ပြဆွေးနွေးခဲ့ကြပါသည်။
 
ဒုတိယဝန်ကြီးက ပြည်ထောင်စုအဆင့်မှ လာရောက် တွေ့ဆုံအားပေး ထောက်ပံ့ရသည့် အကြောင်းအရင်း၊ ဒေသတွင်းသဘာဝဘေး ရင်ဆိုင်တုန့်ပြန်နိုင်ရေးနှင့် လျော့ပါးသက်သာစေရေး အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ဝန်ကြီးဌာနတို့မှ ဆောင်ရွက်ပေးခဲ့မှုအခြေအနေ၊ လက်ရှိထောက်ပံ့ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေ၊ ရေကျပြီးနောက်ပိုင်း မိမိနေအိမ်များတွင် ပြန်လည်နေထိုင်ချိန်တွင် ကျန်းမာရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေး၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေ၊ အရေးပေါ်ဆောက်လုပ်ပြုပြင်ရန်လိုအပ်သည့် တံတားငယ်များအတွက် ပညာရှင်များနှင့် ဒေသ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းစိစစ်ပြီး ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် တင်ပြတောင်းခံရမည့် အစီအစဉ်၊ လတ်တလော သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးမည့် အ‌ခြေအနေ၊ ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေးအတွက် ရေတိုရေရှည် ဆက်နွယ်ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေစသည်တို့အား ရှင်းလင်းဆွေးနွေးပါသည်။
 
ထို့နောက် ဘီးလင်းမြို့၊ ပြင်သာရေဘေးရှောင်စခန်းနှင့် အမက(၂)ကန်သာယာရေဘေးရှောင် စခန်းတို့တွင် ရောက်ရှိခိုလှုံနေသော ဒေသခံပြည်သူ(၂၅၉)စု၊လူဦးရေ(၁၀၄၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာနှင့် စားသုံးဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကလေးများအတွက် ပဲနို့နှင့်မုန့်၊ စုစုပေါင်း တန်ဖိုးကျပ်( ၉)သိန်းကျော်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
 
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဒေသ၏လိုအပ်ချက်နှင့် ပြည်ထောင်စုအဆင့်မှ ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်မည့် အခြေအနေများအား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထို့နောက်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ လွှဲပြောင်းပေးအပ်ငွေ သိန်း(၁၀၀၀)နှင့် ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့များမှ ရေဘေးရှောင်အိမ်ထောင်စု (၃၅၀၉)စု၊ လူဦးရေ(၁၆၇၉၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ တို့အားပေးအပ်ခဲ့ပါသည်။
 
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်ထားသည့် Cyclone Shelter နှင့် ဘားအံမြို့၊ မိုးလုံလေလုံအားကစားခန်းမတို့တွင် ယာယီရောက်ရှိနေသည့် ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခြင်း၊ ပြည်သူတို့၏ အခက်အခဲတင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်းခြင်း၊ ရေဘေးရှောင်စခန်းများမှ မိမိနေအိမ်များသို့ ပြန်လည်ထွက်ခွာချိန်တွင် စားနပ်ရိက္ခာလိုအပ်ချက်ရှိပါက စိစစ်ပံ့ပိုးပေးနိုင်မည့် အခြေအနေ၊ ရေတွင်းရေကန်များသန့်ရှင်းစေရေး၊ ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ မဖြစ်ပွားစေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ပေးမည့်အခြေအနေတို့အား ရှင်းလင်းဆွေးနွေးပြီး၊ စားနပ်ရိက္ခာများဖြစ်သည့် စားသုံးဆီ၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ကလေးငယ်များ အတွက် မုန့်များ ထောက်ပံ့ခြင်း၊ မွေးကင်းစမိခင်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့‌ငွေ ပေးအပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။
 
ဆက်လက်၍ လှိုင်းဘွဲမြို့သို့ ထွက်ခွာပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်ထားသည့် Cyclone Shelter နှင့် မူကြိုကျောင်းတို့တွင် ရောက်ရှိ နေသည့် ရေဘေးရှောင်ပြည်သူများအား နှုတ်ဆက်အားပေးစကားပြောကြားခြင်း၊ စားနပ်ရိက္ခာနှင့် ဆန်ဖိုးငွေများထောက်ပံ့ခြင်း၊ဆေးရုံတက်မွေးကင်းစ မိခင်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေ ပေးအပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။
 
ကရင်ပြည်နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအတွက် (၂၅-၇-၂၀၁၈)ရက်နေ့ထိ ထောက်ပံ့မှုမှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ကျပ်သိန်း (၁၀၀၀)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရေးပေါ် စားနပ် ရိက္ခာထောက်ပံ့ငွေကျပ် (၂၉၅) သိန်းကျော်၊ ရေဘေးရှောင်စခန်းများရှိ မွေးကင်းစမိခင်များအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးထောက်ပံ့ငွေ (၃.၆) သိန်း၊ ရေသန့်ဆေးမှုန့်အထုပ် (၁) သောင်း၊ ဓါတ်ဆားထုပ်(၅)သောင်း၊ ရေတွင်းများရှိ ရေဆိုးများစုပ်ထုတ်ရန် ရေစုပ်စက်(၅)လုံး ထောက်ပံ့ပေးခဲ့ ကြောင်းနှင့် ကရင်ပြည်နယ်ရှိ အခြားရေဘေးရှောင်စခန်းများသို့လည်း ဆက်လက်သွားရောက် အားပေး ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events