လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မြိတ်မြို့မှ ပုလောမြို့နယ်၊ ကျောက်ကာကျေးရွာသို့ ရေယာဉ်ဖြင့်သွားရောက်ပြီး မီးဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။
ရှေးဦးစွာမီးဘေးသင့်အိမ်ထောင်စု (၄၅၂) စုအတွက် စားစရိတ်အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ငွေကျပ် (၄၅၂) သိန်း၊ အိမ်ခြေ (၃၃၁) လုံးအတွက် အိမ်တစ်လုံးလျှင် သွပ်ချပ် (၅၀) နှုန်းဖြင့် သွပ်ချပ် (၁၆၅၅၀) တို့ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးသည်။ ထို့နောက် မီးလောင်ပြင်ကိုကြည့်ရှုစစ်ဆေးပြီး မိုးမကျမီအိမ်များပြန်လည်တည်ဆောက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ ကမြောကြီးကျေးရွာအုပ်စု၊ ကပူကျေးရွာသို့ သွားရောက်၍ မီးဘေးသင့်အိမ်ခြေ (၁၃) လုံးအတွက် တစ်အိမ်လျှင် သွပ် (၅၇) ချပ်နှုန်းဖြင့် သွပ် (၇၄၁) ချပ်ကို ထောက်ပံ့ပေးပြီး အိမ်အသစ်များ ပြန်လည်ဆောက်လုပ်နေမှုကိုကြည့်ရှုပြီး မီးဘေးသင့်အိမ်ထောင်စုဝင်များကို အားပေးစကားပြောကြားသည်။
ဆက်လက်၍ မောင်းမကန်ကျေးရွာသို့ရောက်ရှိပြီး မောင်းမကန်စံပြမူလတန်းကြိုကျောင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မူကြိုကလေးများအား လက်ဆောင်ပစ္စည်းများပေးအပ်၍ ကလေးမိဘများကို ရှေးဦးအရွယ်ကလေးပြုစုစောင့်ရှောက်ရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း၊ တိုင်းဒေကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတို့ကို ကြည့်ရှုစစ်ဆေးပြီး မူလတန်းကြိုကျောင်း၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။
တစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ယခုအချိန်ထိ မီးဘေး (၆၅) ကြိမ်ဖြစ်ပွားခဲ့ပြီး နမ့်ဆန်မြို့နှင့် လပွတ္တာမြို့မီးဘေးများအပါအဝင် မီးဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ငွေကျပ် (၁၀၂၂) သိန်းနှင့် ဝန်ကြီးဌာနအနေဖြင့် ငွေကျပ် (၂၃၉) သိန်းတန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ငွေကျပ် (၁၀၃၈) သိန်းခန့်တန်ဖိုးရှိသော သွပ် (၁၇၂၉၁) ချပ်၊ ဆန်ရိက္ခာဖိုးငွေကျပ် (၂၁) သိန်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၆) သိန်းထောက်ပံ့ပေးခဲ့ပြီး ပြည်သူလူထုအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။