ကမ်းပြို၊ မြေပြိုဘေးအန္တရာယ်နှင့် ပတ်သက်၍ သတိပြုလိုက်နာရမည့်အချက်များအသိပေးနှိုးဆော်ခြင်း

၁။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့နည်းသက်သာစေရေးဆောင်ရွက်လျက်ရှိပြီးလူ့အသက် သေဆုံးမှုများလျော့နည်းသက်သာစေရန်မှာပြည်သူလူထုကိုယ်တိုင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများကိုလေ့လာသိရှိလိုက်နာရန် လိုအပ်ပါသည်။

၂။      ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကမ်းပါးပြိုမှုများများပြားလာခြင်းနှင့် မြေသားပြိုကျမှုကြောင့်အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် မြေပြို/ကမ်းပြိုဘေးများနှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ်ပါသည်။ မိုးရာသီကာလအတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများစိမ့်ဝင်ပြီးမြေပြိုကျမှုများဖြစ်ပေါ်နိုင်သည့်အတွက် တောင်စောင်း၊ တောင်တန်းများ၊ ဖို့မြေ (သို့မဟုတ်)မြေသားပျော့သည့်နေရာများ၊ မြစ်ချောင်းကမ်းပါးများအနီးနေထိုင်ကြသူများနှင့်ကျောက်စိမ်းတူးဖော်ရေး/သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြသူများအနေဖြင့်  မြေပြို၊ ကမ်းပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ အောက်ပါအချက်များကိုသတိပြုလိုက်နာဆောင်ရွက်ကြပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတိုက်တွန်းနှိုးဆော်ထားပါသည်-

(က)    မိမိနေထိုင်သည့်နေရာ(သို့မဟုတ်)အလုပ်လုပ်ကိုင်သောနေရာများ၏ ဘေးပတ်ဝန်းကျင်ရှိမြေပြိုနိုင်သည့် မြေနေရာအနေအထား၊ စွတ်စိုမှု၊ ကြံ့ခိုင်မှုများကိုသတိပြုလေ့လာပါ။

(ခ)     မြေပြိုမှု၊ တောင်ပြိုမှုဖြစ်ပွားလေ့ရှိသောနေရာများ၊ ဖြစ်ပွားလာနိုင်မည့် နေရာများတွင် သတိပေးဆိုင်းဘုတ်များ၊ အမှတ်အသားများတပ်ဆင်ထားသည်ကိုဂရုပြုလေ့လာပြီးလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။

(ဂ)     မြေပြိုနိုင်သောနေရာများဖြစ်သည့် မတ်စောက်သောတောင်စောင်းများ၊ မြေပျော့သောနေရာများ၊ ရေဝပ်သောနေရာများ၊ ရေစီးရာလမ်းကြောင်းများတွင် အဆောက်အအုံဆောက်လုပ်နေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းများကိုမပြုလုပ်ပါနှင့်။

(ဃ)    မြေပြိုမည့် ရှေ့ပြေးလက္ခဏာများကိုသတိပြုမိပါကမိမိနှင့် မိမိပတ်ဝန်းကျင်ရှိလူများကိုအသိပေး၍ အမြန်ပြောင်းရွှေ့ပါ။ မြေပြိုတတ်သောနေရာများတွင် နေထိုင်သူ၊ အလုပ်လုပ်ကိုင်သူများဖြစ်ပါကအရေးပေါ်ပြောင်းရွှေ့နိုင်သောနေရာ၊ လုံခြုံနိုင်မည့် ပြေးလမ်းကြောင်းများကိုကြိုတင်သတ်မှတ်ထားပါ။

(င)     တောင်စောင်းအနီးပတ်ဝန်းကျင်တွင် နေထိုင် အလုပ်လုပ်ကိုင်ကြသူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီး/ရေဝပ်ခြင်း၊ ငလျင်လှုပ်ခြင်းများကြောင့် မြေပြိုခြင်းများဖြစ်ပေါ်လာနိုင်သည်ကိုသတိပြုပါ။

(စ)     မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် မြေပြိုကျမှုဖြစ်နေသောနေရာများအနီးသို့ မလိုအပ်ဘဲသွားလာခြင်းမပြုလုပ်ရပါ။ အဆိုပါနေရာများသို့ရောက်ရှိနေပါကတတ်နိုင်သမျှ အမြန်ဆုံးဘေးလွှတ်ကင်းရာသို့ ပြေးပါ။ မြေပြိုမှုဖြစ်နေသောနေရာအနီးသို့ လာသည့်လူနှင့် ယာဉ် များကိုလည်းအသိပေးတားမြစ်ပါ။

(ဆ)    မြေပြိုမှုဖြစ်ပွားပြီးပါကဒဏ်ရာရသူ၊ ပိတ်မိနေသူများရှိပါကကယ်ဆယ်ရေးအဖွဲ့များသို့ ချက်ချင်းအကြောင်းကြားပြီးလိုအပ်သောအကူအညီများရယူပါ။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန

Sign Up

Upcoming Events